သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ထိုင်ဝမ်ကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းဖွင့်


နိုဝင်ဘာလက တရုတ် သမ္မတ Xi Jinping နဲ့ ထိုင်ဝမ် သမ္မတ Ma Ying-jeou တို့တွေ့ဆုံစဉ်
နိုဝင်ဘာလက တရုတ် သမ္မတ Xi Jinping နဲ့ ထိုင်ဝမ် သမ္မတ Ma Ying-jeou တို့တွေ့ဆုံစဉ်

တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှု လျှော့ချရေးဆိုင်ရာ အရေးပေါ် စနစ်တခု အဖြစ် ချက်ချင်း ဆက်သွယ်ခေါ်ဆိုနိုင်မယ့် တိုက်ရိုက်တယ်လီဖုန်းလိုင်း တခုကို တရားဝင် တပ်ဆင်ထားပြီး ဖြစ်ပါတယ်။

ဒါဟာဆိုရင်အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ကြား နိုင်ငံရေး ဆွေးနွေးပွဲတွေ တိုးမြှုင့်နိုင်ရေး အခု နောက်ဆုံး ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ဒီတယ်လီဖုန်းလိုင်းက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်အသုံးပြု လည်ပတ်နေပြီဖြစ်ပြီး နှစ်ဘက် အရာရှိတွေကြား တိုက်ရိုက် ဆက်သွယ် ပြောဆိုမှုတွေ ရှိနေပြီလို့ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ် ရေးရာရုံး ပြောခွင့်ရက ပြောပါတယ်။

အခုလေးတင်ဘဲ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံး ညွှန်ကြားရေးမှူး Zhang Zhijun နဲ့ ထိုင်ဝမ်ရဲ့ ပြည်မကြီးရေးရာ ကောင်စီရဲ့ ဝန်ကြီး Hsia Li-yan တို့ ဒီတယ်လီဖုန်းလိုင်းကို အသုံးပြုပြီး ဆက်သွယ် ပြောဆိုခဲ့ကြတယ်လို့လည်း Ma Xiaoguang က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

တရုတ် - ထိုင်ဝမ် ဆက်ဆံရေး တိုးတက်စေရေး နှစ်ဘက်စလုံးက ဆက်သွယ်ပြောဆိုမှုတွေ၊ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကြောင့် သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာကို နှစ်ဘက်စလုံးက အသိအမှတ်ပြု လက်ခံတယ်လို့လည်း Ma က ပြောဆိုတဲ့ အကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန CCTV က ဖော်ပြပါတယ်။

တယ်လီဖုန်း ခေါ်ဆိုမှု အတွင်း ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ ထိုင်ဝမ် အရာရှိတွေက မှတ်ချက်ပေးပြောဆိုမှု မရှိပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တရုတ် သမ္မတ Xi Jinping နဲ့ ထိုင်ဝမ် သမ္မတ Ma Ying-jeou တို့ကြား ဆယ်စုနှစ် ၆ ခုကျော် အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြတဲ့ သမိုင်းဝင် ဆွေးနွေးပွဲကနေ တရုတ်နဲ့ ထိုင်ဝမ်ကြား တိုက်ရိုက် ခေါ်ဆိုနိုင်တဲ့ တယ်လီဖုန်းလိုင်း တခု တပ်ဆင်ဖို့ အတွက် သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် သမ္မတ Ma Ying-jeou စတင် အဆိုပြုခဲ့တဲ့ အခု တိုက်ရိုက် ခေါ်ဆိုနိုင်တဲ့ တယ်လီဖုန်းလိုင်း ဟာဆိုရင် အရေးပေါ် အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့နဲ့ မတော်တဆ ထိပ်တိုက်တွေ့မှုတွေကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတခု အဖြစ်လည်း ရှုမြင်ရပါတယ်။

မတူ ခြားနားမှုတွေကို ကိုင်တွယ်နိုင်ဖို့နဲ့ နှစ်ဘက်ကြား ကောက်ချက် လွဲမှားမှုတွေကို လျှော့ချနိုင်ဖို့ အတွက် အခု တိုက်ရိုက် ခေါ်ဆိုနိုင်တဲ့ တယ်လီဖုန်းလိုင်းက အထောက်အကူ ဖြစ်စေမယ်လို့ လည်း တရုတ် အစိုးရ အရာရှိတွေကလည်း ပြောဆိုပါတယ်။

XS
SM
MD
LG