သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေး ကျားကန်ဖို့ အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းမည်


ဘေဂျင်းမြို့တော်က ဘဏ္ဍာရေးအချက်အခြာနေရာ
ဘေဂျင်းမြို့တော်က ဘဏ္ဍာရေးအချက်အခြာနေရာ

တရုတ်နိုင်ငံမှာ တိုးတက်နှုန်းနှေးကွေးနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အစိုးရက အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပမာဏအများဆုံး ငွေကြေးကျားကန်ပေးမယ့် အစီအစဉ်အရ အစိုးရဘဏ်တွေ၊ ဒေသန္တရအစိုးရတွေ၊ အိမ်ခြံမြေဈေးကွက်တွေကို ထောက်ပံ့မှာ ဖြစ်ပါတယ်။

အစိုးရပိုင် စီးပွားရေးဘဏ်ကြီးတွေ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ငွေထုတ်ချေးနိုင်စွမ်း ပိုရှိဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ အစိုးရက အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းမယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီး Lan Fo'an က ပြောခဲ့ပါတယ်။ အထူးငွေစုလက်မှတ်တွေကို ဘယ်လောက်ဖိုး ထုတ်ရောင်းမှာလဲဆိုတာတော့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ တာဝန်ရှိသူတွေက ပြောမသွားခဲ့ကြပါဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ၃ လအတွင်း တရုတ်ယွမ်ငွေ ၂.၃ Trillion ကို ကဏ္ဍစုံမှာ သုံးနိုင်အောင် လုပ်ပေးခဲ့သလို အတိုးနှုန်းတွေ လျော့ချနိုင်ရေးနဲ့ ဘဏ်တွေအနေနဲ့ ငွေပိုထုတ်ချေးနိုင်ရေး အစီအစဉ်တွေ လုပ်ခဲ့တယ်လို့တော့ ပြောပါတယ်။

အကြွေးဆုံးပြဿနာတွေ နှစ်နဲ့ချီ ရင်ဆိုင်နေရတဲ့ အိမ်ခြံမြေကဏ္ဍနဲ့ ဝယ်ယူစားသုံးမှုအား ကျဆင်းနေမှုကြောင့် ကမ္ဘာ့စီးပွားရေး အဆင့် ၂ မှာရှိနေတဲ့ တရုတ်နိုင်ငံစီးပွားရေး တိုးတက်မှု နှေးကွေးနေပြီး ဒါကိုကျားကန်ပေးနိုင်ဖို့ တရုတ်အစိုးရက ဆက်တိုက်အစီအစဉ်တွေ လုပ်နေတာ ဖြစ်ပါတယ်။
အိမ်ခြံမြေ ရောင်းဝယ်မှုတွေ ကျဆင်းနေတာကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ မြေလွတ်နေရာတွေမှာ စီးပွားရေးနဲ့ နေအိမ်အဆောက်အဦးတွေ ဆောက်လုပ်နိုင်အောင် ဒေသန္တရအစိုးရတွေအနေနဲ့ ငွေပမာဏ ပိုချေးနိုင်ခွင့်ပေးဖို့လည်း တရုတ်အစိုးရက စီစဉ်နေပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းထဲက ကိုဗစ် ကန့်သတ်ချက်တွေကို ဖယ်ရှားပေးခဲ့ပေမဲ့ စီးပွားရေး တံ့နေခဲ့တာပါ။ လုပ်ငန်းတွေက လူသစ်တွေ သိပ်မငှားကြတော့သလို လစာတွေ လျှော့ခဲ့ကြတာအပြင် ကျဆင်းနေတဲ့ အိမ်ခြံမြေဈေးကွက်ကြောင့် စားသုံးသူတွေရဲ့ စီးပွားရေးအပေါ် ယုံကြည်မှု ကျဆင်းနေပါတယ်။ ဒါကြောင့် ငွေ သိပ်မသုံးစွဲကြတော့တဲ့အတွက် စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG