တရုတ်နိုင်ငံ ဘေဂျင်းမြို့က တီယံနင်မင်ရင်ပြင်မှာ ၁၉၈၉ ခုနှစ်တုန်းက ဒီမိုကရေစီအရေး ဆန္ဒပြရင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးနိုင်ခြေရှိတဲ့ အလားအလာတွေ တရုတ် အာဏာပိုင်တွေဘက်က ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့တယ်လို့ သေဆုံးသူများ အခွင့်အရေး ရရှိရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။
၁၆ နှစ်တိတိ အသနားခံပြီးတဲ့ နောက်မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က တိတ်ဆိတ် မနေတော့ဘဲ စတင်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြီလို့ တီယံနင်မင်ရဲ့ မိခင်များလို့ အမည်ပေးထားတဲ့ အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။ ဘယ်လိုလျော်ကြေးမျိုး ပေးရင် သင့်တော်မလဲဆိုပြီး မိသားစုတခုကို အာဏာပိုင်တွေက ၂ ကြိမ်တိတိ လာရောက် မေးမြန်းခဲ့တယ်လို့ ဇွန်လ ၄ ရက် တီယံနင်မင် နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ ထုတ်ပြန်တဲ့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီအဖွဲ့ရဲ့ အဓိက တောင်းဆိုချက် ၂ ခုဖြစ်တဲ့ တီယံနင်မင် ရင်ပြင်မှာ ပစ်ခတ် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ် ဆိုတာကို အစိုးရက တရားဝင် တောင်းပန်ဖို့နဲ့ အဲဒီ ပစ်ခတ်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကို ဖော်ထုတ်ပေးဖို့တွေကိုတော့ အာဏာပိုင်တွေဘက်က အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။
တီယံနင်မင်ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ သီတင်း ၆ ပတ်ကြာ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြပွဲတွေကို တရုတ် အာဏာပိုင်တွေက သေနတ်တွေနဲ့ပစ်ပြီး တင့်ကားတွေပါ အသုံးပြု နှိမ်နင်းခဲ့တဲ့အတွက် လူပေါင်း ရာဂဏန်းကနေ ထောင်ပေါင်းများစွာအထိ သေဆုံးခဲ့တယ်လို့ အမျိုးမျိုး ခန့်မှန်း ပြောဆိုနေကြတာပါ။
တီယံနင်မင် မိခင်များအဖွဲ့က ဒီနှစ်ထုတ်ပြန်တဲ့ စာထဲမှာတော့ သူတို့အနေနဲ့ စုံစမ်းစစ်ဆေးလို့ရတဲ့ သေဆုံးသူ အရေအတွက်ဟာ ၂၀၃ ယောက်ရှိပြီး တခြား စုံစမ်းလို့ မရသေးတဲ့ သေဆုံးသူတွေလည်း အများအပြား ကျန်သေးတယ်လို့ ဖော်ပြထားပါတယ်။