သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက် မီးရှို့အဆုံးစီရင်မှု အမေရိကန်စိုးရိမ်


တိဘက်လူမျိုးများ ဆန္ဒပြနေစဉ်
တိဘက်လူမျိုးများ ဆန္ဒပြနေစဉ်
တိဘက်ဒေသမှာ မကြာခင်က ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်မှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပြီး တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ မူဝါဒတွေက တိဘက်မှာ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောလိုက်ပါ တယ်။ ၂၀၀၉ ခုနှစ်ကစလို့ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်သူ တိဘက်လူမျိုး ၉၂ ယောက် ရှိပြီး နိုဝင်ဘာ တလတည်းမှာ တင် ၂၈ ယောက် ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေဟာ တရုတ်အစိုးရ ဆန့်ကျင် ဆန္ဒပြ စုရုံးမှုတွေနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေ ရှိနေချိန်မှာ ခုလို ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ ဖွဲ့စည်းခွင့်တွေ အပေါ်မှာ အစကတည်းက တင်းကျပ်ထားပြီးသား ဥပဒေတွေနဲ့ တိဘက် ဆန္ဒပြသူတွေကို တရုတ်အစိုးရက ဖိနှိပ်နေတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Maria Otero က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

အထူးသဖြင့် တိဘက် ဗုဒ္ဓဘာသာ ကိုးကွယ်မှု အပေါ် ထိန်းချုပ်မှုတွေ၊ ဘုန်းတော်ကြီးကျောင်း တွေကို အနီးကပ် စောင့်ကြည့်တာ၊ တရားမဝင် ဖမ်းဆီးမှုတွေနဲ့ လူပျောက်ဆုံး မှုတွေ၊ နောက်… တိဘက်အရေး လှုပ်ရှားသူတွေကို အင်အားသုံး နှိမ်နင်းမှုတွေ လုပ်နေတဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး အဖြေရှာဖို့ တရုတ်အစိုးရ အရာရှိတွေကို အမေရိကန် အရာရှိတွေက တိုက်တွန်းနေတဲ့အကြောင်းလည်း သူက ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ သတင်း အချက်အလက် ထုတ်ပြန်မှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ တိဘက်ဒေသကို သတင်းထောက်တွေ၊ သံတမန်တွေနဲ့ တခြား လေ့လာစောင့်ကြည့်သူတွေ ဝင်ရောက်ခွင့်ပြုဖို့လည်း Otero က တောင်းဆိုလိုက်ပါတယ်။ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဒါမှမဟုတ် သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ချွင်းချက်မရှိ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားဖို့လည်း တရုတ် အစိုးရကို မစ္စ Otero က တောင်းဆိုထားပါတယ်။
XS
SM
MD
LG