သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆုံးစီရင်ဆန္ဒပြသူ တိဘက်တွေအတွက် တရုတ်ပြည်မှာ အမိန့်သစ်ထုတ်


ကိုယ့်ကိုကိုယ် မီးရှို့အဆုံးစီရင် ဆန္ဒပြနေတဲ့ တိဘက်ဘုန်းတော်ကြီး။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃)
ကိုယ့်ကိုကိုယ် မီးရှို့အဆုံးစီရင် ဆန္ဒပြနေတဲ့ တိဘက်ဘုန်းတော်ကြီး။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃)
တရုတ်အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြကြသူ တိဘက်လူမျိုးတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ဆက်နွယ်သူတွေကို ပြင်းပြင်း ထန်ထန် အရေးယူဖို့ Sichuan ပြည်နယ်အာဏာပိုင်တွေက အမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။ တရုတ်အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ Ruigai ခရိုင် အာဏာပိုင်တွေရဲ့ အပိုဒ် ၁၅ ပိုဒ်ပါ၊ အမိန့်စာထဲမှာတော့ ကိုယ့်ကိုယ်ကို သတ်သေကြသူတွေရဲ့ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ကိုးကွယ်တဲ့ ဘုရားကျောင်းတွေကိုပါ အရေးယူဖို့ ညွှန်ကြားထားတာပါ။

မြေနဲ့ပိုင်ဆိုင်မှုကို သိမ်းဆည်းတာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ရဲ၊ စစ်တပ် စတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ခွင့်တွေကို တားမြစ်အရေးယူဖို့လည်း ညွှန်ကြားချက်မှာ ထည့်သွင်းထားပါတယ်။ အမိန့်သစ်ကို ဘယ်သူ ထုတ်ပြန်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ခရိုင်ရုံးတာဝန်ရှိသူ တယောက်ကတော့ ညွှန်ကြားချက်ထုတ်တာ မှားယွင်းတယ်လို့ မမြင်ကြတဲ့အကြောင်း ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

တိဘက်အရေး ကျွမ်းကျင်သူ တချို့ကတော့ အမိန့်သစ်ဟာ မကျေနပ်ချက်တွေကို ဆွပေးသလို ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တရုတ်နိုင်ငံတွင်းက တိဘက်လူမျိုးတွေ အစဉ်အဆက်နေထိုင်ရာ ဒေသတွေမှာ အဆုံးစီရင် ဆန္ဒပြခဲ့သူပေါင်းဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလကစလို့ ၁၂၆ ယောက်ထက်မနည်း ရှိခဲ့တာပါ။

အိန္ဒိယ အခြေစိုက် အဝေးရောက် တိဘက်လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Central Tibetan Authority ကတော့ ဒီလို ပြင်းထန်တဲ့ ကန့်ကွက်မှုမျိုးတွေကို အားမပေးကြောင်း ပြောဆိုထားပေမဲ့ တရုတ်အစိုးရကတော့ တိဘက်ဘုန်းတော်ကြီး Dalai Lama ကိုယ်တိုင် နောက်ကွယ်က သွေးထိုးနေတယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG