သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်သူ့အတွက်လဲ


တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ကွန်ကရက်ကျင်းပစဉ်။
တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ကွန်ကရက်ကျင်းပစဉ်။

တရုတ်နိုင်ငံမှာ ၁၄နှစ် နီးပါးအတွင်း ပထမဆုံးအကြိမ် နိုင်ငံ့ဖွဲ့စည်းပုံပြင်ဆင်ဖို့ရှိနေပါတယ် ဒါဟာ သမ္မတ Xi Jinping အာဏာပိုမိုခိုင်မာရေးအတွက်သာဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ အမျိုးသားကြီးကြပ်ကွပ်ကဲရေးကော်မရှင် တရပ်ကို အသစ်ဖွဲ့စည်းပြီး Xi Jinping သမ္မတရာထူးကို တတိယသက်တမ်းအထိ ထမ်းဆောင်ဖို့တောင် လမ်းပွင့်သွားနိုင်တယ်လို့ မြင်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် Bill Ide ဘေဂျင်းမြို့တော်က သတင်းပေးပို့ထားတဲ့ သတင်းလွှာကိုတော့ ဦးကျော်ဇံသာက တင်ပြထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တချို့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံနေကြပါတယ်။ ဘာတွေဆွေးနွေးမယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ဒီကနေ့ပြီးဆုံးမယ့် နှစ်ရက်တာ ဆွေးနွေးမှုမှာ တရုတ်ခေါင်းဆောင် Xi Jinping ရဲ့ အာဏာပိုမိုခိုင်မြဲအောင် တည်ဆောက်ရေးကိစ္စဖြစ်တယ်လို့ ဆိုကြပါတယ်။ တရုတ်ပြည်ရဲ့ဖွဲ့စည်းပုံကို နောက်ဆုံးပြင်ဆင်ခဲ့တာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး အခုတကြိမ်မှာလည်း အဲ့ဒီ့တုန်းကလိုပဲ လက်ရှိခေါင်းဆောင်ရဲ့သဘောတရားတွေကို အတိအကျပုံဖော်ဖို့ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် တရုတ်ပြည်သူတွေ အကျိုးရှိမယ် မရှိဘူးဆိုတာတော့ မသေချာပါဘူး။ ဒီလုပ်ရပ်ကို မဝေဖန်ရဲတဲ့ ပညာတတ်တချို့လည်း တွေ့ရပါရဲ့။ နိုင်ငံပိုင်သတင်းစာတွေကလည်း ရှင်းရှင်းလင်းလင်း မရေးကြပါဘူး။

ဒါဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပိုမိုအာဏာကြီးမားတဲ့ ဌာနတခု National Supervision Commission ဆိုတာကို ဖွဲ့စည်းရေးအတွက် ဆွေးနွေးနေကြတယ်ဆိုတာ အချက်ပြနေတာပဲ လို့ သုံးသပ်ကြပါတယ်။ အငြင်းပွားဖွယ် National Supervision Law အမျိုးသားကြီးကြပ်ကွပ်ကဲရေးဥပဒေတရပ်လည်း ပေါ်ပေါက်လာနိုင်တယ်လို့ ဟောင်ကောင် အခြေစိုက် နိုင်ငံရေးသုံးသပ်သူ Willy Lam က ဆိုပါတယ်။

"ဒါဟာ တတိုင်းတပြည်လုံးနဲ့ ဆိုင်တဲ့ အဆောက်အဦးသစ်တရပ်ပါ။ ဒါကြောင့် ဒီလိုအရေးကြီးတဲ့ အမျိုးသားကြီးကြပ်ရေးကော်မရှင်ဖွဲ့စည်းရေး စဉ်းစားချက်ကို ဖွဲ့စည်းပုံဥပဒေမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။"

တကယ်တော့ အခုရေးဆွဲမယ့် အမျိုးသားကြီးကြပ်ရေးဥပဒေနဲ့ အမျိုးသားကြီးကြပ်ရေးကော်မရှင် ဆိုတာတွေဟာ checks and balances အထိန်းအကွပ်လုံးဝ မရှိတဲ့ ဥပဒေကြောင်းအရ အငြင်းပွားဖွယ် ကိစ္စတွေဖြစ်နေပါတယ်။

Xi Jinping ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ရပ်ကြောင့် အခုအခါ အရာရှိပေါင်း တစ်သန်းခွဲ အစစ်အဆေးခံနေရပြီး ဒီလာမယ့် အမျိုးသားကော်မရှင် ဖွဲ့စည်းပြီးသွားပြီ ဆိုရင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေအပါအဝင် အစိုးရအဆင့်တိုင်းကို စုံစမ်း စစ်ဆေးလာနိုင်တော့မှာဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၉ကြိမ်မြောက် ပါတီကွန်ကရက်တုန်းက Xi Jinpingရဲ့ နာမည်နဲ့ အတွေးအခေါ်တွေကို ပါတီရဲ့ဖွဲ့စည်းပုံမှာ ထည့်သွင်းခဲ့ပြီး ဒါဟာ မော်စီတုန်းတို့ တိန့်ရှောင်ဖိန်တို့နဲ့ သူ့ကို တန်းတူထားလိုက်တဲ့သဘောဖြစ်သွားပါတယ်။

ပီကင်းတက္ကသိုလ်တွဲဖက်ပါမောက္ခ Gan Chaoying က ဒီကိစ္စကို အခုလိုသုံးသပ်ပါတယ်။

" ၁၉ကြိမ်မြောက် ပါတီကွန်ကရက်က ချမှတ်ချက်တွေအပြင် ဖွဲ့စည်းပုံထဲမှာလည်း လက်တွေ့မဖြစ်နိုင်တဲ့ ကိစ္စတချို့ရှိနေပါတယ်။ ဒါတွေကို ပြောင်းလဲပစ်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ "

ဒါ့အပြင် သမ္မတနဲ့ ဒုတိယသမ္မတတို့ဟာ သက်တမ်းနှစ်ခုထက်ပိုပြီး တာဝန် မထမ်းဆောင်ရဘူးဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉ကို ဒီတခါပြင်လိမ့်မယ်လို့လည်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။

ဟောင်ကောင်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ David Zweig ကတော့ Xi Jinping ဟာ ဒီလောက်အထိ လုပ်နိုင်ပါ့မလား ဆိုတာကို မေးခွန်းထုတ်ပါတယ်။

" လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို တတိယသက်တမ်းအတွက် လမ်းဖွင့်မပေးခင် သူဟာ ဘယ်လိုစွမ်းဆောင်နိုင်တယ်ဆိုတာကို ကဏ္ဍတော်တော်များများမှာ ပြသဖို့ လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။ "

သို့သော်လည်းပဲ Willy Lam ကတော့ Xi Jinping ဟာ အာဏာတော်တော်များများကို ချုပ်ကိုင်ထားပြီးဖြစ်နေတဲ့အတွက် ဒီသက်တမ်းတိုးမယ့် ပြင်ဆင်မှုကိုလည်းပဲ တပါတည်းလုပ်သွားနိုင်တယ်လို့ဆိုပါတယ်။

"Xi Jinping ဟာ အင်မတန်အာဏာမက်ပြီး အတ္တကြီးတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒါေြ ကာင့်မို့လို့ ဖွဲ့စည်းပုံကို ထပ်ခါတလဲလဲ ပြန်ပြင်ဖို့ဆိုတာ လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့အတွက် အခုတကြိမ်ပြင်ဆင်တုန်း ဒါကိုတပါတည်း လုပ်သွားနိုင်ပါတယ်။"

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခုဆွေးနွေးပွဲက အဆိုပြုလာမယ့် ဘယ်အဆိုပြုချက် ကိုပဲဖြစ်ဖြစ် အဖွဲ့ ၂၀၀ပါတဲ့ အင်အားကြီးမားတဲ့ ဗဟိုကော်မတီက ထောက်ခံရမှာဖြစ်ပြီး National People’s Congress (NPC)လို့ခေါ်တဲ့ အမျိုးသားပြည်သူ့ကွန်ကရက်မှာလည်းပဲ သုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်ကြောင်းပါခင်ဗျာ။

တရုတ်ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်သူ့အတွက်လဲ
please wait

No media source currently available

0:00 0:03:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG