သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တင်းမာမှု တရုတ်-မြန်မာဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်


မြန်မာပိုင်နက်၊ ကိုးကန့်ဒေသတွင်းတိုက်ပွဲတွေအကြောင်း ရေးသားဖော်ပြထားတဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းစာ
မြန်မာပိုင်နက်၊ ကိုးကန့်ဒေသတွင်းတိုက်ပွဲတွေအကြောင်း ရေးသားဖော်ပြထားတဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းစာ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ် အရှိန်မြင့်လာဖို့ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တရုတ်အစိုးရက တနင်္လာနေ့က ထပ်မံပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့ တရုတ်နယ်မြေအသုံးပြုပြီး လှုပ်ရှားတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မှ တရုတ်အစိုးရက ခွင့်ပြုမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောသွားပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့နယ်နိမိတ်ပိုင်ဆိုင်မှုကို တရုတ်အနေနဲ့ အမြဲပဲလေးစားတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က တနင်္လာနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောသွားတာပါ။ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နယ်စပ်တည်ငြိမ်ရေးကို ထိခိုက် စေတဲ့ တရုတ်နယ်မြေကို အသုံးပြုပြီးလှုပ်ရှားတဲ့ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို တရုတ်အစိုးရအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူး လို့လည်း Hua Chunying ကပြောပါတယ်။ ဒါဟာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တရုတ်အစိုးရဆက်ဆံရေးနဲ့ပတ်သက်တဲ့မေးခွန်းအပေါ် တုံ့ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သဘောထားကွဲနေတဲ့အဖွဲ့တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ ထိပ်တိုက်ရင်ဆိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားဖို့အပြင် တရုတ် မြန်မာနယ်စပ်နဲ့ တရုတ်ပိုင်နယ်မြေဘက်အခြမ်း တည်ငြိမ်ရေးကို မထိခိုက်အောင်ကြိုးစားကြဖို့ တရုတ်အစိုးရက တိုက်တွန်းကြောင်း ပြောဆို သွားပါတယ်။ မြန်မာနိုင်ငံရဲ့အကျိုးအတွက် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုမြှှုင့်တင်ဆောင်ရွက်တဲ့နေရာမှာ တရုတ်နိုင်ငံအနေနဲ့ အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်သွားမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။

တချိန်တည်းမှာပဲ တနင်္လာနေ့ထုတ် တရုတ်အစိုးရရဲ့ အာဘော်ကိုဖေါ်ပြတဲ့ အွန်လိုင်းသတင်းစာ Global times ရဲ့ အယ်ဒီတာ့အာဘော်မှာတော့ ကိုးကန့် ဒေသ ပဋိပက္ခဟာ မြန်မာအပေါ်ထားတဲ့ တရုတ်မူဝါဒကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ရေးသားထားပါတယ်။

၂ဝဝ၉ ခုနှစ်က မြန်မာအစိုးရတပ်ရဲ့ တိုက်ခိုက်တာကြောင့် တရုတ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က Global times နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ကိုးကန့်ဒေသမှာ ပြန်အခြေစိုက်မယ်လို့ကြေညာပြီးတဲ့နောက် ဖေဖေါ်ဝါရီလ (၉) ရက်နေ့ ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) နဲ့ မြန်မာစစ်တပ်တို့ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေစတင်ဖြစ်ခဲ့တာပါ။ ဒါ့အပြင် MNDAA အနေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ တရုတ်လူမျိုးတွေကို အကူအညီတောင်းခံတဲ့ ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်နိုင်ငံဘက်ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည် တွေကို လူသားချင်းစာနာမှုအကူအညီတွေပေးနေကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying ကအခုလိုပြောသွားပါတယ်။

“တရုတ်နိုင်ငံဘက်ကိုဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို စာနာမှုအကူအညီတွေ စနစ်တကျ နေရာချထားပေးနေပါတယ်။ အခြေအနေတွေ ပုံမှန်ပြန်ရောက်သွားတာနဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို အေးအေးချမ်းချမ်းပြန်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အခြေအနေတွေကို အေးအေး ချမ်းချမ်း တည်ငြိမ်လာအောင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံး တရုတ်အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ယုံကြည်” - ကြောင်း Hua Chunying က ပြောသွားတာပါ။

ကိုးကန့်ဒေသမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လောက်ကိုင်မြို့ တဝိုက်သွားရောက်လုပ်ကိုင်နေကြတဲ့ မြေလတ်ဒေသက အလုပ်သမားတွေ ရာနဲ့ချီပြီး ပြည်တွင်းကိုပြန်လာနေကြပါတယ်။ လာရှိုးမြို့မှာလည်း စစ်ပြေးဒုက္ခသည်တွေရောက်နေပြီး အခြေအနေတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ဓါတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“လားရှိုးလေဆိပ်ကို နှစ်နာရီလောက်မှာ ရောက်တယ်။ လားရှိုးလေယာဉ်ကွင်းမှာ စစ်ဘက်သုံးတဲ့ ရဟတ်ယာဉ်တွေ ရပ်ထားတာတွေ့ရတယ်။ ပြီးတော့ လုံခြုံရေးယူထားတဲ့စစ်သားတွေ အဲဒီအနားပတ်ဝန်းကျင်မှာ ချထားတာ တွေ့ရတယ်။ ပြီးတဲ့အခါကျတော့ ဒုက္ခသည်တွေအားလုံးက လားရှိုးဘက်က နေပြီးတော့ လူမှုရေးအဖွဲ့အစည်းတွေကနေပြီးတော့မှ သူတို့သယ်လာတယ်။ တချို့တွေကျတော့လည်း ကားကြုံတွေနဲ့ သူတို့ လိုက်လာကြတယ်။ လိုက်လာပြီးတော့ လားရှိုးမြို့မှာရှိတဲ့ မန်စီကျောင်းတိုက်မှာ ခန ခရီးစခန်းချကြတယ်။ အဲဒီကမှတဆင့် မန္တလေးဘက်ကို တခြား လူမှုရေးအဖွဲ့အစည်းတွေနဲ့ သူတို့ကားတွေကနေပြီးတော့မှ မန္တလေးဘက်ကို ပို့ပေးတယ်။ မန္တလေးကနေမှတဆင့် သူတို့သွားချင်တဲ့ သူတို့မြို့တွေကို လိုက်ပြီးတော့ ပို့ပေးတာကို တွေ့ရတယ်။ လောလောဆယ်အထိ မနက်ကနေပြီးတော့မှ ဟိုဘက်က ကြားရတဲ့ဥစ္စာတော့ ဒီ ဒုက္ခသည်တွေကတော့ တောက်လျှောက်ပဲ လာနေတုန်းလို့ ပြောတယ်ခင်ဗျ။”

မြန်မာအစိုးရတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေကြောင့်နှစ်ဖက်တပ်တွေ ကျဆုံးမှုတွေရှိနေပြီး မြန်မာအစိုးရတပ်ဖက်က ၅၂ဦးကျဆုံးပြီး ၇၂ဦးဒဏ်ရာရထားတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ ကိုးကန့်တပ်ဖက်က ၂၆ဦးသေဆုံးတယ်လို့အစိုးရပိုင်မီဒီယာက တရားဝင်ထုတ်ပြန်ထားပေမဲ့ လက်ရှိအချိန်ထိ ကိုးကန့်တပ်ဖက်က ငါးဦးပဲကျဆုံးခဲ့တယ်လို့MNDAAရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကပြောပါတယ်။ ရက်အတန်ကြာလာပြီးဖြစ်တဲ့ တိုက်ပွဲတွေမှာ မြန်မာအစိုးရတပ်က လေကြောင်းစစ်သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG