သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သမ္မတ ၂ ဦး ကတိပြု


အမေရိကန်၊ တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သမ္မတ ၂ ဦး ကတိပြု
အမေရိကန်၊ တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သမ္မတ ၂ ဦး ကတိပြု

တရုတ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုး၊ လူ့အခွင့်အရေးနဲ့ အမေရိကန်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေအကြား မတူညီချက်တွေကို တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့က အသိအမှတ်ပြု ပြောဆိုနေကြပေမဲ့လည်း နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။ အိမ်ဖြူတော်မှာ မနေ့က ကျင်းပခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုခဲ့ကြတာပါ။

လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ကိုလည်း အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အများကြီးလုပ်ဖို့ လိုနေသေးတယ်လို့ တရုတ်သမ္မတ ဟူကျင်တောင်းက ပြောဆိုခဲ့ပြီး တရုတ်ဟာ အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ၊ နှီးနှောဖလှယ်မှုတွေကို လုပ်သွားချင်တယ်၊ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး ဆိုတဲ့မူ အပါအဝင် တဘက်နဲ့တဘက် တလေးတစားနဲ့ တန်ဖိုးထား ဆက်ဆံမှုတွေ ရှိသွားချင်တာပါလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြတဲ့အခါမှာ ရေရှည်ခိုင်မြဲမယ့် အကျိုးရလဒ်တွေကို နှစ်နိုင်ငံလုံးက ရကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တရုတ်အနေနဲ့ လုပ်ဖို့လိုနေတာက နှစ်နိုင်ငံ ကုန်သွယ်ရေး အကြားမှာ အကြီးအကျယ် မမျှမတ ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းတဲ့ အနေနဲ့ တရုတ်ရဲ့ ငွေကြေးတန်ဖိုးကို ပြောင်းလဲ သတ်မှတ်ပေးဖို့ပါပဲလို့ ဆိုပါတယ်။

တရုတ်ပြည်ကို တင်ပို့မယ့် အမေရိကန် ပို့ကုန်တန်ဖိုးကို ၄၅ ဘီလီယံဒေါ်လာကျော်အထိ မြှင့်တင်သွားဖို့ အပါအဝင် နှစ်နိုင်ငံ သဘောတူညီမှုတွေ ဒါဇင်နဲ့ချီပြီး လုပ်ခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

သဘောတူညီမှုတွေထဲမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အမေရိကန် ပြည်ထောင်စုမှာ ဘီလီယံဒေါ်လာ တော်တော်များများ လုပ်မယ်ဆိုတဲ့ ကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ တိဘက် လွတ်မြောက်ရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) နဲ့ တရုတ်အစိုးရတို့ ရှေ့မှာ ဆက်ပြီး ဆွေးနွေးသွားကြဖို့ ကိစ္စကို အမေရိကန်ဘက်က ထောက်ခံ အားပေးနေတယ်လို့လည်း ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ် တင်းမာနေမှုမှာ မြောက်ကိုရီးယားဘက်က နောက်ထပ် ရန်စမှု ထပ်မလုပ်ရေးကို တရုတ်သမ္မတ ဟူကျင်တောင်းကရော သမ္မတ အိုဘားမားဘက်ကရော သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG