သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးမှန်းချက် ကန်-တရုတ်ကြေညာ


အမေရိကန်နဲ့ တရုတ် ထိပ်တန်းခေါင်းဆောင်တွေ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး အစီစဉ်သစ်တရပ် ချမှတ်နိုင်ခဲ့ကြတဲ့အကြောင်း တရုတ်နဲ့ အမေရိကန်တို့က ကြေညာခဲ့ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုတွေကို တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတွေအတွက် အခုသဘောတူညီချက်က အဓိက အခန်းကဏ္ဍကနေ အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို ၂၆ ကနေ ၂၈ ရာခိုင်နှုန်းအထိ လျှော့ချဖို့ သဘောတူထားတဲ့အကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါဟာ လက်ရှိ လေထုညစ်ညမ်းမှု လျှော့ချထား တဲ့နှုန်းထက် နှစ်ဆ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီဂျင်းပင်ကလည်း ၂၀၃၀ ခုနှစ် ရည်မှန်းချက်ထားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချသွားမယ်လို့ ကြေညာထားပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လုပ်မှုဟာလည်း ဆက်ပြီး တိုးလားနေတာ ဖြစ်ပါတယ်။

ရှေ့လထဲ ပီရူးနိုင်ငံမှာ ပြန်လည်စတင်မယ့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲတွေနဲ့ ရှေ့နှစ် ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ဆွေးနွေးပွဲတွေအတွက် အခုကြေညာချက်က တိုးတက်မှုတွေ အားကောင်းအောင် လုပ်ဆောင်ပေးရာကျတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက နယူးယောက်တိုင်းစ် သတင်းစာ သုံးသပ်ချက်တခုထဲမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား အခုသဘောတူညီချက်ဟာ နှစ်နိုင်ငံကြား ကြီးမားတဲ့ သမိုင်းဝင် သဘောတူညီချက်တရပ် ဖြစ်တယ်လို့ ဆိုပြီး နှစ်နိုင်ငံ အတူလက်တွဲ လုပ်ဆောင်ရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို ပြသနေတာလို့ အမေရိကန် သမ္မတ အိုဘားမားက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG