သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံတွင်း ကန်နိုင်ငံသားတွေကို ကျန်းမာရေး သတိပေးချက်ထုတ်ပြန်


တရုတ်နိုင်ငံ Guangzhou မြို့က အမေရိကန်အစိုးရ ဝန်ထမ်းတွေဟာ ညင်ညင်သာသာနဲ့ ခပ်တိုးတိုးကြားရတဲ့ ပုံမှန်မဟုတ်တဲ့ အသံကြောင့် ဝေဒနာတွေ ခံစားခဲ့ရကြောင်း မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ၊ တရုတ်နိုင်ငံက အမေရိကန် နိုင်ငံသားတွေ ကျန်းမာရေးအတွက် သတိထားကြဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ပဲ နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အသံနဲ့ ရိုက်ခတ်မှုကြောင့် ဦးနှောက်မှာ အသင့်အတင့် ထိခိုက်မှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ကျန်းမာရေး အခြေအနေ ဆန်းစစ်ဖို့ ဝန်ထမ်းတွေကို အမေရိကန် ပြန်ပို့လိုက်ကြောင်းလည်း ဘေဂျင်းမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောဆိုခဲ့တာပါ။

ဝေဒနာခံစားခဲ့ရတယ်လို့ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အကြောင်းရင်းကို မသိရသလို၊ တရုတ်နိုင်ငံရဲ့ တခြားနေရာတွေမှာ ဒီလိုဖြစ်ရပ်နဲ့ ကြုံခဲ့ရတာမျိုး မကြားရပေမဲ့ သတင်းတွေအပေါ် အလေးအနက်ထား ကိုင်တွယ်နေကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပုံမှန်မဟုတ်တဲ့ ခပ်တိုးတိုး အသံလှိုင်းမျိုး၊ ခပ်စူးစူးအသံမျိုးတွေကို ကြားတဲ့အခါမျိုးမှာ အသံလာတဲ့နေရာကို လိုက်လံရှာဖွေတာတွေ မလုပ်ကြဖို့နဲ့ အသံမကြားရတဲ့ နေရာတခုခုကို ပြောင်းရွှေ့ဖို့လည်း တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့နှစ်ထဲမှာတုန်းကလည်း ကျုးဘားနိုင်ငံက အမေရိကန် ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဟာ ပုံမှန်မဟုတ်တဲ့ အသံတွေကို ကြားခဲ့ရပြီးနောက်၊ ဝေဒနာပုံစံမျိုးစုံ ခံစားခဲ့ရကြောင်း အမေရိကန်က သတင်းထုတ်ပြန်ခဲ့ပေမဲ့၊ ဖြစ်ရတဲ့ အကြောင်းရင်း တိတိကျကျကိုတော့ အခုအထိ မသိရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG