သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်ဘက်ဆိုင်ရာ ကန် အစီရင်ခံစာကို တရုတ် ဝေဖန်


တရုတ် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Yang Yujun
တရုတ် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Yang Yujun

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်နေကျ အစီရင်ခံစာထဲမှာ တရုတ်စစ်တပ် ဖွံ့ဖြိုး တိုးတက်မှုတွေကို လွဲမှား ဖော်ပြတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်လိုက်ပြီး အမေရိကန် ပြည်ထောင်စုအပေါ် အတော်လေး မကျေမနပ် ဖြစ်နေတယ်ဆိုတာကို ထုတ်ဖော် ပြသလိုက်ပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်းမှာ တည်ဆောက်ထားတဲ့ ကျွန်းတွေပေါ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ လက်နက်တပ်ဆင်ရေးအပေါ် တရုတ်တို့က အာရုံစိုက် လုပ်ဆောင်ထား တာကြောင့် အဲဒီရေပြင်နယ်နိမိတ်မှာ မလွှဲမရှောင်သာ လက်နက်အင်အားသုံးပြီး ဖြေရှင်းမနေရတော့ဘဲ ထိန်းချုပ်မှု ပိုရသွားမှာဖြစ်တယ်လို့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ပြီးခဲ့တဲ့ သောကြာနေ့က တင်သွင်းတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

တရုတ် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Yang Yujun ကတော့ တရုတ်စစ်ဘက်ရဲ့ ၂၀၁၅ ခုနှစ်အတွင်း လှုပ်ရှားမှုတွေကို အမေရိကန်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာမှာ တရုတ်ရဲ့ အမျိုးသားကာကွယ်ရေး မူဝါဒကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုရာဆွဲထားတာဖြစ်တယ်လို့ စနေနေ့က တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua ကို ပြောဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးမူဝါဒဟာ ခုခံကာကွယ်တဲ့ သဘောသဘာဝသာဖြစ်ပြီး အဲဒီမူဝါဒအတိုင်း လိုက်နာ လုပ်ဆောင်နေတယ်လို့ ပြောခွင့်ရက ပြောပါတယ်။ စစ်ဘက် ပြုပြင်ပြောင်းလဲရေးနဲ့ စစ်ဘက် တည်ဆောက်မှုတို့ကို ချဲ့ထွင် လုပ်ဆောင်တာဟာ အချုပ်အချာအာဏာ၊ လုံခြုံရေးနဲ့ ပိုင်နက် တည်တံ့ခိုင်မြဲရေး တို့ကို ထိန်းသိမ်းဖို့နဲ့ တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ခိုင်မာဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Yang က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG