သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တရုတ် ဆက်ဆံရေးရဲ့ အရေးကြီး လမ်းဆုံလမ်းခွ


အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အရေးကြီးတဲ့ ကာလတစ်ခုကို ရောက်ရှိနေပြီး အတိတ်က အောင်မြင်မှုတွေနဲ့ အနာဂတ်မှာ ပုံစံသစ်တစ်ခု ဖန်တီးပြီး တည်ဆောက်သွားဖို့ လိုအပ်တဲ့အကြောင်း တရုတ်သမ္မတ ရှီ ဂျင်းပင် (Xi Jinping) က ပြောလိုက်ပါတယ်။

တရုတ်သမ္မတနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ ရှေ့လထဲ အမေရိကန် ပြည်ထောင်စုမှာ တွေ့ဆုံမယ့် အစီအစဉ် အကြို ညှိနှိုင်းတဲ့အနေနဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွန် ဒွန်နယ်လွန် (Tom Donilon) နဲ့ တနင်္လာနေ့က တွေ့ဆုံရာမှာ တရုတ်ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။

၂ နိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးအတွက် အလေးအနက် ဆွေးနွေးနိုင်မယ့် အရေးကြီးတဲ့ အခွင့်အလန်းကောင်း တစ်ခု ဖြစ်မယ်လို့လည်း အမေရိကန် အရာရှိ ဒွန်နယ်လွန် (Donilon) ကပြောပါတယ်။

အမေရိကန်နဲ့ တရုတ် သမ္မတ ၂ ဦးရဲ့ ဆွေးနွေးပွဲကိုတော့ အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်က Sunnylands အပန်းဖြေစခန်းမှာ ဇွန်လ ၇ ရက်နဲ့ ၈ ရက်နေ့မှာ ကျင်းပသွားမှာပါ။

ထိပ်သီးဆွေးနွေးပွဲ အတွင်းမှာတော့ နောက်ဆုံးအကြိမ် နျူကလီးယား စမ်းသပ်မှုတွေကြောင့် တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ မြောက်ကိုရီးယားအရေး၊ တရုတ်နိုင်ငံက ငြင်းဆန်နေပေမဲ့လည်း အမေရိကန်ကတော့ တရုတ်အစိုးရရဲ့ အားပေးမှုနဲ့ ဆိုက်ဘာ အင်တာနက် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲနေတာတွေ၊ အာရှနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ကြား ပင်လယ်ပြင် နယ်နမိတ် ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စတွေ ပါဝင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
XS
SM
MD
LG