သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လူ့အခွင့်အရေးချိုးဖောက်ဟု တရုတ်ဝေဖန်


အမေရိကန်ပြည်ထောင်စုဟာ ကိုယ့်နိုင်ငံသားတွေကို ကိုယ်ပြန်ထောက်လှမ်းနေ သလို အမျိုးသမီးတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လုပ်နေရုံသာမက သေနတ်ကိုင်ဆောင်ခွင့်ကို မထိန်းချုပ်နိုင်ဘဲ ရာဇဝတ်ပြစ်မှုတွေ ကျုးလွန်ခွင့်ပြုထားတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။

အမေရိကန်အစိုးရက တရုတ်အစိုးရရဲ့ လူ့အခွင်အ့ရေး ချိုးဖောက်မှုတွေအတွက် ဝေဖန်တာကို တရုတ်အစိုးရက တနင်္ဂနွေနေ့မှာ အခုလို တုံ့ပြန်လိုက်တာပါ။

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံရေးဆိုင်ရာ အလှူငွေလက်ခံပြီး နိုင်ငံံရဲ့ ဒီမိုကရေစီစနစ်ကို ပျက်စီးစေတဲ့အပြင် ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေလည်း တိုးလာတာ တွေ့ရတယ်လို့ တရုတ်အစိုးရနိုင်ငံတော်ကောင်စီ ဝန်ကြီးများအဖွဲ့ရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာကို Xinghua သတင်းက ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်တွေရဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ ဆင်နွှဲတဲ့ စစ်ပွဲတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

တရုတ်အစိုးရရဲ့ ဒီအစီရင်ခံစာဟာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စစ်ဆေးတွေ့ရှိချက် နှစ်ပတ်လည် စာတမ်းထုတ်ပြန်ခဲ့တာကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ စာတမ်းထဲမှာ တရုတ်နိုင်ငံမှာ အစိုးရက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပုံမှန်ခြိမ်းခြောက် အကြပ်ကိုင်နေတာနဲ့အတူ ဖိနှိပ်ညှင်းပမ်းမှုတွေ အရင်အတိုင်းပဲ ရှိနေသေးတယ်လို့ ပြောကြားခဲ့တာပါ။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ဆက်နွယ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG