သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် - ဗီယက်နမ် ရေပိုင်နက်အငြင်းပွားမှု ကုလရောက်


ရေပိုင်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်သင်္ဘောရဲ့ တိုက်ခိုက်မှုကြောင့် ဗီယက်နမ်သင်္ဘော နစ်မြုပ်နေစဉ်။ မေ ၃၀၊ ၂၀၁၄
ရေပိုင်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်သင်္ဘောရဲ့ တိုက်ခိုက်မှုကြောင့် ဗီယက်နမ်သင်္ဘော နစ်မြုပ်နေစဉ်။ မေ ၃၀၊ ၂၀၁၄
တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားရာက တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ကိစ္စမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကြားဝင်ဖြေရှင်းပေးဖို့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေက အကူအညီ တောင်းခံခဲ့ကြပါတယ်။

နှစ်နိုင်ငံစလုံးကပိုင်ဆိုင်ကြောင်း အသီးသီး ပြောဆိုထားကြတဲ့ ရေပိုင်နက်ထဲက တရုတ်နိုင်ငံရဲ့ ရေနံတူးဖော်ရေး လုပ်ငန်းတွေကို ဗီယက်နမ်နိုင်ငံက ဥပဒေမဲ့၊ အတင်းအကျပ် နှောင့်ယှက်နေတယ်ဆိုပြီး တရုတ်နိုင်ငံက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တင်ပြခဲ့တာပါ။

စာထဲမှာတော့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဗီယက်နမ်နိုင်ငံက ချိုးဖောက်ခဲ့သလို၊ တရုတ်အလုပ်သမားတွေကိုလည်း အကြီးအကျယ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့အကြောင်း တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်ကြီး Wang Min က ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံက အတွင်းရေးမှူးချုပ်ထံ အလားတူ စာတစောင် ပေးပို့ခဲ့ရာမှာတော့ တရုတ်နိုင်ငံဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်နေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ရေနံတူးဖော်ရေး လုပ်ငန်းတွေနဲ့ သင်္ဘောတွေကို ပြန်လည်ရုပ်သိမ်းဖို့လည်း တောင်းဆိုခဲ့တာပါ။

ဒေသတွင်းမှာ တည်ငြိမ်မှုရှိစေဖို့နဲ့ ရေကြောင်းဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နှစ်နိုင်ငံကြား ဆွေးနွေးပြောဆိုနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့လည်း ဗီယက်နမ်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။

တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံက ပေးပို့တဲ့ စာတွေထဲမှာတော့ ကုလသမဂ္ဂရဲ့ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ အပါအဝင် နိုင်ငံတကာ သဘောတူညီချက်တွေကို ကိုးကားထားကြပြီး၊ တင်ပြချက်တွေကို ကုလသမဂ္ဂ အဖွဲ့ဝင် တိုင်းပြည်တွေကြား ဖြန့်ဝေဖို့လည်း အတွင်းရေးမှူးချုပ်ကို တိုက်တွန်းထားကြပါတယ်။
XS
SM
MD
LG