သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ငါးခိုးဖမ်းသူတွေ ဖိလစ်ပိုင်က နှစ်ရှည်ထောင်ချ


တောင်တရုတ်ပင်လယ်အတွင်း တရားမဝင် ငါးခိုးဖမ်းခဲ့တဲ့ တရုတ်ငါးဖမ်းသမား ၁၂ ဦးကို ဖိလစ်ပိုင်တရားရုံးတခုက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒီလိုအမိန့် ချမှတ်လိုက်တာဟာ မနီလာနဲ့ ဘေဂျင်းအကြား သယံဇာတကြွယ်ဝတဲ့ ရေပြင်အပေါ် သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုတွေနဲ့ ပတ်သတ်ပြီး တင်းမာမှုတွေ ပိုဖြစ်လာနိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဧပြီလတုန်းက တရုတ်ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းက Tubbataha သန္တာကျောက်တန်းပေါ်မှာ သူတို့ငါးဖမ်းသင်္ဘော သောင်တင်နေစဉ်မှာ အခုလို ဖမ်းဆီးခဲ့တာပါ။ ဒီကျောက်တန်းဟာ ဖိလစ်ပိုင် ရေပိုင်နက်အတွင်းမှာ ရှိနေတာဖြစ်ပြီး တရုတ်နိုင်ငံကလည်း ဒါကို သူပိုင်အဖြစ် ပြောဆိုထားတာမျိုး မရှိပါဘူး။

ငါးဖမ်းသမားတွေကတော့ မုန်တိုင်းဒဏ်ကနေ အကာအကွယ်ယူဖို့ အဲဒီနေရာကို ရောက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ သင်္ဘောကပ္ပတိန်ကိုတော့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ပြီး အခြား ငါးဖမ်းသမားတွေကိုတော့ ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်။ ဒီငါးဖမ်းသမားတွေအနေနဲ့ အခြား နောက်ထပ် ထောင်ဒဏ် တိုးမြှင့်ချထားမှုကို ခံရမှာဦးမှာပါ။

အဲဒီငါးဖမ်းသမားတွေဆီမှာ တားမြစ်ထားတဲ့ မျိုးတုန်းပျောက်ကွယ်သွားမယ့် သင်းခွေချပ်လို သတ္တဝါတွေကို လက်ဝယ်တွေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ သူတို့တွေဟာ ဒေါ်လာ ၁ သိန်းစီ ငွေဒဏ်လည်း ချမှတ်ခံရပါတယ်။ ဒါပေမဲ့လည်း သူတို့မှာ အပြစ်မရှိဘူးဆိုပြီး သင်္ဘောသားတွေက ပြောဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက် အတော်များများကို သူပိုင်အဖြစ် ပြောဆိုထားပြီး ဒီကိစ္စနဲ့ ပတ်သတ်လို့ ဖိလစ်ပိုင် အပါအဝင် အခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ တဘက်ဆီဖြစ်နေတာပါ။

ဖိလစ်ပိုင်ဘက်ကတော့ တရုတ်နိုင်ငံရဲ့ ဒီလို တောင်းဆိုမှုနဲ့ ပတ်သတ်ပြီး The Hague မြို့က နိုင်ငံတကာတရားရုံးမှာ ဖြေရှင်းဖို့ ဒီနှစ်အစောပိုင်းတုန်းက လျှောက်ထားခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့ ဒီလုပ်ရပ်အပေါ် တရုတ်နိုင်ငံက အမျက်ဒေါသထွက်ပြီး အမှုမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG