သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အထူးကိုယ်စားလှယ်ခရီး မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ဖွယ်ရှိ


လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ရဲ့ ခရီးစဉ်ဟာ အဓိကအားဖြင့် တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာရေးအတွက် ဆွေးနွေးဖွယ်ရှိကြောင်း မြန်မာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ မစ္စတာဆွန်ကော့ရှန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မကြာခင်မှာ မြန်မာပြည်ကို လာရောက်တာလည်း ဖြစ်ပါတယ် ။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ဟာ ဒီကနေ့ မနက်ခင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီတွေဆုံပွဲမှာ နယ်စပ်တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရုတ်နိုင်ငံက ပါဝင်ကူညီ ဆောင်ရွက်နေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တနင်္လာနေ့ကတော့ မစ္စတာဆွန်ကော့ရှန်ဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရခိုင်အရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာဆွန်ကော့ရှန်ဟာ ဒီလ ၁၈ရက်နေ့ကတော့ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၇ဖွဲ့ စုပေါင်းထားတဲ့ FPNCC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

သူ့ရဲ့နေပြည်တော် ခရီးစဉ်အပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ရှုမြင်သုံးသပ်ပါတယ်။

“ သူလာတဲ့ခရီးစဉ်အဓိက ရည်ရွယ်ချက်ကတော့ မြောက်ပိုင်းအဖွဲ့ ၇ဖွဲ့နဲ့ အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းပေးဖို့လို့ သတင်းတွေထွက်နေတယ်။ ဒီလကုန်လောက် ရန်ကုန်မှာ တွေ့ဖို့ တရုတ်က ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်။ သေချာမသေချာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ FPNCC နဲ့ မဟုတ်တောင်မှ ဒီ ၇ဖွဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲ သို့မဟုတ် အဲဒါကို ဘယ်ပုံနဲ့ လုပ်မလဲဆိုတာ လမ်းကြောင်းရှာနေတယ်လို့ ထင်ပါတယ်။”

တရုတ် အထူးကိုယ်စားလှယ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဖွဲ့ ၇ဖွဲ့လုံးပါဝင်ရေးအတွက် ဆွေးနွေးမယ်ဆိုရင် အတော်လေးကြိုးပမ်းတိုက်တွန်းရမယ်အခြေအနေရှိကြောင်းလည်း ပြောပါတယ်။

“ တရုတ်ဖက်ကတော့ တိုင်းရင်းသားအဖွဲ့တွေလည်း လက်ခံနိုင်၊ ဒီဖက်က အစိုးရနဲ့ တပ်မတော်ကလည်း လက်ခံနိုင်တဲ့ လမ်းကြောင်းတခုကို ရှာပေနိုင်တယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလမ်းစ၊ ဒီအပစ်အခတ်ရပ်စဲရေးလမ်းစပေါ်လာမယ်လို့တော့ ထင်ပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ကြိုးစားရလိမ့်မယ်လို့တော့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကျန်တဲ့ ဝ၊ မိုင်းလားနဲ့ SSPP တို့နဲ့ပတ်သက်ပြီး ဒီတပ်မတော်ရဲ့ သဘောထားက NCA လက်မှတ်ထိုးဖို့ ကြိုဆိုတယ်ဆိုပေမဲ့ KIA နဲ့ ကျန်တဲ့ ၃ဖွဲ့၊ စုစုပေါင်း ၄ဖွဲ့နဲ့ပတ်သက်လို့ကတော့ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားတဲ့အတွက်ကြောင့် ဒီပြဿနာကိုတော့ အတော်လေး အချေအတင် ဆွေးနွေးရလိမ့်မယ်လို့ ထင်ပါတယ်။ ”

တပ်မတော်ဘက်က ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းတာမရှိသလို FPNCC မှာပါဝင်တဲ့ ဝ၊ မိုင်းလား၊ ကချင်နဲ့ ရှမ်းအဖွဲ့တွေက အားလုံးပါဝင်ရေးကို တောင်းဆိုထားပါတယ်။

ဒီလ ၁၈ရက်နေ့က လည်း လာမယ့် ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို အဖွဲ့ဝင်အားလုံး တက်ရောက်ဖို့ ဖိတ်ကြားရင် တက်ရောက်ကြဖို့အတွက် မစ္စတာဆွန်ကော့ရှန်က တိုက်တွန်းခဲ့ကြောင်း FPNCCက သူတို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

UWSA ခေါ် ဝတပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေး ဒုတာဝန်ခံ ဦးညီရန်းက ဒီလိုဖိတ်ကြားရာမှာ အားလုံးကို ဖိတ်ကြားဖို့နဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့ ဖိတ်ကြားရင် တက်ရောက်ဖွယ်ရှိကြောင်း ပြောပါတယ်။

“ ကျနော်နားလည်သလောက်ဆိုရင်တော့ တရားဝင် ဖိတ်မယ်ပေါ့နော်။ FPNCC အဖွဲ့ဝင်တွေအားလုံးဖိတ်မယ် ပေါ့နော်။ အဲလိုမျိုးဆိုလိုတာပါနော်။ အဲလိုဖိတ်တဲ့နေရာမှာလည်း တရားဝင်ကိုယ်စားလှယ်ပေ့ါနော်။ တရားဝင် ကိုယ်စားလှယ်အနေနဲ့ ဖိတ်မှ တက်မယ်ဆိုတာတော့ ကျနော် သိရတယ်နော်။ အဲဒီမှာ လေ့လာသူတို့၊ ဧည့်သည်လို ပုံစံမျိုးနဲ့ ဖိတ်မယ်ဆိုရင်တော့ တက်မယ်လို့ ကျနော်တော့ မထင်ပါဘူးနော်။ ”

ပြီးခဲ့တဲ့နှစ်မေလမှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမှာ မစ္စတာ ဆွန်ကော့ရှန်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ FPNCC အဖွဲ့ဝင်တွေဟာ ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို လေ့လာသူအဖြစ်သာသတ်မှတ်ပြီး ပါဝင်ဆွေးနွေးခွင့်မရတာကြောင့် ဖွင့်ပွဲပြီးတဲ့နောက်မှာ နေရပ်ပြန်သွားခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ KIAခေါ် ကချင်တပ်ဖွဲ့၊ TNLAခေါ် ပလောင်တပ်ဖွဲတွေနဲ့ အစိုးရတပ်မတော်အကြား ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

XS
SM
MD
LG