သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်အဖွဲ့တွေကို ပံ့ပိုးမှု မရှိကြောင်း တရုတ်သံရုံးငြင်းဆို


UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ် နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ် နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
မြန်မာနိုင်ငံက လက်နက်ကိုင်တွေကို ထောက်ပံ့ကူညီနေတယ်လို့ မကြာသေးခင်က စွပ်စွဲချက်တွေအပေါ် တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေး အဖွဲ့တခုဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ကို အဆင့်မြင့် လက်နက်တွေ ထောက်ပံ့ ကူညီတာတွေ ရှိခဲ့တယ်လို့ ထင်ရှားတဲ့ ကာကွယ်ရေးဆိုင်ရာ မဂ္ဂဇင်းတစောင်က ဖော်ပြခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံက အခုလို တုန့်ပြန်လိုက်တာပါ။ တရုတ်အစိုးရနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဆက်ဆံရေး အခြေအနေတွေအပေါ် ဆန်းစစ်သူတွေရဲ့ အမြင်ကိုတော့ ဦးစံမိုဝေ ကပြောပြပေးမှာ ဖြစ်ပါတယ်။

တရုတ်မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကို တရုတ်နိုင်ငံက လက်နက်တွေကို ရောင်းချခဲ့တယ်၊ လွှဲပြောင်းပေးခဲ့တယ်ဆိုပြီးတော့ နိုင်ငံတကာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Jane's Defense အဖွဲ့က ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ခဲ့တာပါ။ ဒီပြောဆိုစွတ်စွဲချက်ဟာ ခိုင်လုံမှုမရှိတဲ့အပြင် အထင်အမြင်လွဲအောင် လုပ်ဆောင်တာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်သံရုံးက မနေ့က ရက်စွဲနဲ့ သတင်းကြေညာချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သူ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးဖြစ်တဲ့ သတင်းစာဆရာ Bertil Lintner ကတော့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်ဟာ ဝိုးတိုးဝါးတားနဲ့ အခြေအမြစ်မရှိဘူးလို့ သုံးသပ်ပါတယ်။

“ဒီသတင်းထုတ်ပြန်ချက်က ခြေခြေမြစ်မြစ်မရှိပါဘူး။ အဲ့ဒီ့မှာ ရေးထားတာက တရုတ်နိုင်ငံဟာ မကြာသေးခင်ကပဲ ချက်ခြင်း အပစ်ရပ်ဖို့ နယ်စပ်ဒေသတလျောက် တည်ငြိမ်အေးချမ်းမှုရှိအောင် လုပ်ဆောင်ကြဖို့ အကြိမ်ကြိမ်တိုက်တွန်းထားတဲ့အကြောင်း စတာတွေ ရေးထားပါတယ်။ ဒါက ကချင်နဲ့ပတ်သက်တာပါ။ ဝ အရေးနဲ့ လုံးဝ မဆိုင်ပါဘူး။”

မြန်မာနိုင်ငံရဲ့ အခြားနယ်စပ် မှောင်ခိုလမ်းကြောင်းတွေရှိတဲ့နေရာတွေက လက်နက်ကိုင် အဖွဲ့တွေဟာ မှောင်ခိုလမ်းကြောင်းတွေကနေ လက်နက်တွေ ရနိုင်ပေမဲ့ အရမ်းတင်းကျပ်တဲ့ တရုတ်နယ်စပ်က လက်နက်ကိုင်တွေအတွက်တော့ ဘယ်ကနေ လက်နက်တွေ ရသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်လို့ လက်ရှိ သြစတေးလျနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်ကမြင်ပါတယ်။

“ကျနော် Jane စာစောင်ရဲ့ Report ကို ဖတ်ရတာမရှိဘူး၊ ကြားရတာ မရှိဘူး။ ဒါပေမဲ့လို့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒါကတော့ Logic အရ တွေးကြည့်လို့ရနိုင်တဲ့ အနေအထားပဲလေ။ ဘာဖြစ်လို့လည်းဆိုတော့ ခုနက ကျနော်ပြောသလို ဒီဖက်က မှောင်ခို လမ်းကြောင်းတွေရှိနေတဲ့ နေရာမှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကတော့ မှောင်ခိုဈေးကွက်ကနေ တဆင့် လက်နက်တွေ၊ ခဲယမ်းတွေ ရတယ်ဆိုတာက ဒါ သဘာဝကျသေးတယ်လေ။ တရုတ်နိုင်ငံလို သူ့နိုင်ငံလုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် လုံခြုံရေးချထားတဲ့ နိုင်ငံတစ်ခု ကို ကျောပေးနေရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အခုလိုတိုက်ပွဲတွေ ရေရှည်တိုက်နိုင်အောင် လက်နက်ခဲယမ်းတွေ ဘယ်ကရနေသလဲဆိုတာကတော့ ဒါက ဘယ်လိုတွက်နည်းနဲ့ပဲ တွက်တွက်၊ ဒါသိသာစေတဲ့ အချက်လို့ ကျနော်က ထင်ပါတယ်။”

Jane's Defense အစီအရင်ခံစာရဲ့ အဆိုအရ UWSA အဖွဲ့က တရုတ်ဆီက ရတဲ့ လက်နက်တွေထဲမှာ မြေပြင်ကနေ ဝေဟင်ပစ်တဲ့ Missile ဒုံးကျည်တွေ၊ တင့်ကားတွေ၊ တင့်ကားဖျက်လက်နက်တွေ ပါဝင်တယ်လို့ ပြောထားပါတယ်။ မြန်မာအစိုးရနဲ့ အပစ်ရပ် သဘောတူညီမှု လုပ်ထားတဲ့ ဝအဖွဲ့အတွက် ဒီလိုလက်နက်တွေ လိုလို့လား။

“သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဒီလိုလက်နက်တွေ လိုအပ်နေတာပါ။ အစိုးရဘက်ကနေ သူတို့ကို တိုက်မလာအောင် ဟန့်တားဖို့ လိုပါတယ်။ နောက်ပြီးတော့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ တရုတ်ရဲ့ ထိန်းချုပ်မှု၊ တရုတ်ထောက်လှမ်းရေးရဲ့ ထိန်းချုပ်မှုရှိနေတယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ တရုတ်က ဒီနယ်စပ်ဒေသမှာ တိုက်ပွဲတွေ နောက်ထပ်ဖြစ်လာမှာကိုတော့ မမြင်လိုပါဘူး။”

မစ္စတာ Bertil Lintner ပြောသွားတာပါ။ သူက ဝတွေက တရုတ်ရဲ့ တိုက်ရိုက်ကူညီပံ့ပိုးမှု ရနေတယ်။ ကချင်နဲ့မတူဘူး။ အစဉ်အလာအရ ဆက်နွယ်ပတ်သက်မှုတွေရှိနေတယ်လို့ ပြောပါတယ်။ ဦးဌေးအောင်ရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။

“ ဘာဖြစ်လို့လဲဆိုတော့ ဝ အနေနဲ့ပဲလည်းနော်၊ တရုတ်ဘာသာ စကားကိုပြောတယ်။ နောက်တခု ကလည်းပဲ ဝ မှာ လက်ရှိခေါင်းဆောင်အများစုက တရုတ်နိုင်ငံမှာပဲ ပညာသင်ကြား ထားတဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ နောက်ပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လက်တွဲခဲ့စဉ် ကာလတုန်း ကလည်း ဒီတရုတ်ကနေပြီး နောက်ကွယ်ကနေ အများကြီး နိုင်ငံရေးအရရော၊ စစ်ရေးအရရော၊ စီးပွားရေးအရရော အကူအညီတွေ ပေးခဲ့တဲ့ အနေအထားတွေ ရှိတယ်လေ။ အဲ့ဒီ့တော့ အခုလို အနေအထားမျိုးမှာလည်း ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံ အနေ နဲ့တော့ နောက်ကွယ် ကနေပြီးတော့ အကူအညီအထောက်အပံ့တွေ အနေအထားတွေရှိမယ်လို့ ကျနော်က ထင်ပါတယ်။”

Jane's Defense အစီရင်ခံစာကို ရေးသားသူက တရုတ်အစိုးရဟာ ဝတပ်ဖွဲ့ကို ထောက်ပံ့ပေးနိုင် တယ် ဆိုပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးအတိမ်းအစောင်းမရှိအောင် ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူ ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကတော့ မြန်မာအစိုးရမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာသတင်းအချက်အလက်မှ မရှိတဲ့အကြောင်း၊ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မလုပ်ဘူးလို့ အမြင်အာမခံချက်ပေးခဲ့သလို မြန်မာအစိုးရကလည်း ဒါကို လက်ခံတဲ့အကြောင်း ပြောဆိုပါတယ်။
XS
SM
MD
LG