သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်အရေး Shangri-La လုံခြုံရေးညီလာခံမှာ တရုတ် သတိပေး


တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောဆို - ဇွန် ၂၊ ၂၀၂၄
တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောဆို - ဇွန် ၂၊ ၂၀၂၄

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲအတွင်း ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun က ဒီကနေ့ ဇွန်လ ၂ အပြင်းအထန် သတိပေးပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ကျွန်းအရေးနဲ့ ပတ်သက်လို့ ပြောကြားတာမှာတော့ လက်ရှိအာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီဟာ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးကနေ ခွဲထွက်ဖို့အတွက် တဖြည်းဖြည်း တိုးမြင့်ဆောင်ရွက်လာနေသလို၊ ပြည်ပအင်အားစုတွေကလည်း ထိုင်ဝမ်ကို လက်နက် ရောင်းချတာအပါအဝင် တရားမဝင် သံတမန်ဆက်ဆံရေးတွေ ထားရှိနေကြောင်း မိနစ် ၄၀ ကြာ မိန့်ခွန်းအတွင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကို ထိုင်ဝမ်ကတဆင့် ထိန်းချုပ် ဟန့်တားနိုင်ရေး ကြိုးပမ်းတဲ့အနေနဲ့ အဲဒီလို အားပေး အားမြောက်လုပ်ဆောင်တဲ့ အပြုအမူတွေဟာ ထိုင်ဝမ်ကျွန်းကို အန္တရာယ်ကြား တွန်းပို့သလိုဖြစ်နေကြောင်း ဝန်ကြီး Dong က သတိပေး ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းရေးသဖွယ် ကိုင်တွယ်ဖြေရှင်းနေကြောင်းနဲ့ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည် ပေါင်းစည်းရေးကိစ္စကို တရုတ်နိုင်ငံဘက်က ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ သံဓိဌာန်ချထားကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းအနီး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီး ၂ ရက်ကြာ ကျင်းပပြီး သီတင်းတပတ်အကြာမှာ တရုတ်ကာကွယ်ရေး ဝန်ကြီးက ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အခုလို သတိပေး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

Shangri-La Dialogue ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ ထိုင်ဝမ်ကျွန်းကို လက်ရှိအတိုင်း ဆက်လက်တည်ရှိနေရေးအတွက် အမေရိကန်က သံဓိဌာန်ချထားကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့တော့ ဝန်ကြီး Dong က တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ နိုင်ငံတချို့က ပြင်ပနိုင်ငံတွေရဲ့ ထောက်ပံ့ပေးမှုကြောင့် တရုတ်နဲ့ရှိထားတဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေကို ချိုးဖောက်နေကြောင်း ဖိလစ်ပိုင်နိုင်ငံကို နာမည်မတပ်ဘဲ ရည်ညွန်းပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG