တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ လနဲ့ချီ ကြာပြီဖြစ်တဲ့ မိုးခေါင်ရေရှား ပြဿနာဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဟူနန်ပြည်နယ်ထဲမှာရှိတဲ့ အဓိကမြို့ကြီး ၁၄ ခုထဲက ၁၃ မြို့မှာ လူပေါင်း ၁,၀၀၀,၀၀၀ ကျော် ရေရှားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒေသတွင်းက မြစ်တွေ၊ ကန်တွေမှာ ရေခန်းခြောက်ကုန်တာကြောင့် တခြား မြို့ရွာပေါင်း ၁၅၀ ကျော်မှာ ရေမလုံလောက်တဲ့ ပြဿနာ ဖြစ်နေကြတယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းက ပြောပါတယ်။
ဟူနန်နယ်ထဲက စိုက်ပျိုး မွေးမြူရေး မြေဧကပေါင်း ၁,၀၇၀,၀၀၀ ကျော် ဒုက္ခရောက်နေကြပြီး အဲဒီထဲမှာ စိုက်ပျိုးမြေဧက ၂၅၀,၀၀၀ လောက်က စိုက်ပျိုးလို့ မရအောင် ပျက်စီးနေပါတယ်။
မိုးခေါင်ရေရှားမှုကြောင့် အိမ်နီးချင်း ဟူဘေ (Hubei) ပြည်နယ်ထဲက ရေလှောင်ကန် ၁,၄၀၀ နီးပါးမှာ ရေပမာဏ အရမ်းနည်းနေတဲ့အတွက် သုံးမရအောင် ဖြစ်နေတယ် ဆိုတာကို တာဝန်ရှိသူတွေက ဒီလဆန်းပိုင်းကပဲ ပြောခဲ့ပါတယ်။
ဒေသတွင်းက ရေအရင်းအမြစ်တွေမှာ ရေတွေ နည်းကုန်တာကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးပိုင်းကိုလည်း ထိခိုက်နေတဲ့အတွက် ဓာတ်အားပြတ်တောက်မှုတွေလည်း အကြီးအကျယ် ဖြစ်နေရတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။
ယန်ဇီမြစ်ပေါ်မှာ လျှိုမြောင် ၃ သွယ် ရေကာတာကြီး ဆောက်လုပ်ခဲ့တဲ့ အကျိုးဆက်ကြောင့် အခုလို မိုးခေါင်ရေရှား ဖြစ်နေရတာဆိုတဲ့ ပြည်သူတွေရဲ့ ပြောဆိုမှုတွေ ရပ်သွားအောင် အစိုးရ တာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။ ရေကာတာကြီးကနေ ရေလွှတ်တဲ့ ပမာဏကို အင်ဂျင်နီယာတွေက တိုးလိုက်ပြီလို့ ဒီလဆန်းပိုင်းက ဆင်ဟွာသတင်းက ပြောပါတယ်။