သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ မြောက်ပိုင်း ၃ဖွဲ့ သဘောတူညီချက် တရုတ်ကြိုဆို


အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့သုံးဖွဲ့တို့ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ဟာဆိုရင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အရေးကြီးတဲ့ တိုးတက်မှု ဖြစ်တယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့သုံးဖွဲ့က ကြေညာလိုက်တာဟာဆိုရင် တပ်မတော်ဘက်က သဘောထား ပြောင်းလာတဲ့ အနေအထား ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့တို့က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအာန်း(ပလောင်) တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့် တပ်ဖွဲ့နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တို့ ကြား တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ရရှိခဲ့တဲ့ သဘောတူညီချက်ဟာ မြန်မာ့ ငြိမ်းချမ်းရေး အတွက် အရေးကြီးတဲ့ တိုးတက်မှု ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က အခုလို ပြောပါတယ်။

"ဒီကိစ္စက မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အပြုသဘောဆောင် တိုးတက်မှု တခု ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တရုတ်အနေနဲ့ ထောက်ခံ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံက ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံ တခု ဖြစ်တာနဲ့ အညီ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဆက်လက် တိုးတက်စေရေး မြန်မာ အစိုးရရဲ့ ကြိုးပမ်းမှုတွေကို တရုတ်အနေနဲ့ ထောက်ခံပါတယ်။ မြန်မာနိုင်ငံမှာ ပါဝင် ပတ်သက်သူတွေ အားလုံး အနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်ကို မကြာခင်မှာ ရရှိစေဖို့ ကျနော်တို့ အနေနဲ့ မျှော်လင့်ထားပါတယ်။ အပြီးသတ်ချိန်ထိ ကျနော်တို့ အနေနဲ့ ခိုင်ခိုင်မာမာ အခန်းကဏ္ဍ တခုကနေ ဆက်ပြီး ပါဝင် ဆောင်ရွက်သွားမှာပါ။"

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ဘက်က ထဲထဲဝင်ဝင် ဆက်ပြီး ပါဝင်မယ်လို့ ပြောဆိုလိုက်တာဟာ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ဘယ်လို သက်ရောက်နိုင်မလဲ ဆိုတာကိုတော့ မြန်မာ့ အရေး သုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။

"တရုတ်ရဲ့ သြဇာသက်ရောက်မှုကို ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရော မြန်မာတပ်မတော်အနေနဲ့ရော အလေးမထားလို့မရပါဘူး။ သို့သော်လည်း အခုလိုအနေအထားမျိုးကို ရောက်အောင် ငြိမ်းချမ်းရေးဘက်မှာ တိုးတက်တဲ့လက္ခဏာတွေဖြစ်လာတာဟာ တရုတ်ရဲ့ မြန်မာပြည်တွင်းကိစ္စနဲ့ ပတ်သက်တဲ့ သဘောထားမှာ ကောင်းမွန်တိုးတက်တဲ့လက္ခဏာလို့ ကျနော်ယူဆပါတယ်။"

တရုတ်ရဲ့ ကြားဝင်ပေးမှုနဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ခုကြား ပြေလည်မှု ရခဲ့တာဟာဆိုရင် တပ်မတော်ဘက်က သဘောထား ပြောင်းလာတဲ့ အနေအထားလို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"အခုအနေအထားအရ ကြည့်ရတာကတော့ ဒီအဖွဲ့အစည်းတွေ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ် အတွင်းမှာ ပါဝင်ဖို့ကို တပ်မတော်က မူအရ လိုက်လျောသဘောတူလိုက်တဲ့ ဖော်ပြချက်လို့ နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်က သဘောမတူလို့ရှိရင် အခုငြိမ်းချမ်းရေးကော်မရှင်မှာလည်း ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ဆိုတာက တပ်မတော်က အရာရှိ တွေပါပဲ ဒီအထဲမှာပါတဲ့ ဗိုလ်ချုပ်ကြီးတွေရှိတော့ ဆိုလိုတာက တပ်မတော်က သဘောမတူပဲနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့လည်း ဒီသဘောတူညီမှုတွေကို လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့် အခု ၂ ဖက်လုံးက ဒီလိုပြောဆိုလာတာဟာ တပ်မတော်က သဘောထားပြောင်းလဲလာတဲ့အတွက် ငြိမ်းချမ်းရေးမှာ တိုးတက်တဲ့လက္ခဏာတရပ်လို့ မြင်ပါတယ်ခင်ဗျ။"

မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြေလည်မှု ရမယ့် အနေအထား ဖြစ်လာတယ်ဆိုပေမယ့် လက်ရှိ NCA ခေါ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြားမှာတော့ တင်းမာမှု တချို့ ရှိနေတာကို ထောက်ပြပြီး မြန်မာ့ ငြိမ်းချမ်းရေး တိုးတက်လာတော့ မလားဆိုတဲ့ အပေါ်မှာတော့ စောင့်ကြည့်ရဦးမယ့် အနေအထားလို့လည်း သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG