သုံးရလွယ်ကူစေသည့် Link များ

တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ ဒီသီတင်းပတ်ထဲ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်သွားမယ်လို့ တရုတ်နိုင်ငံက ဒီကနေ့ ကြေညာလိုက်ပါတယ်။တရုတ်မြန်မာနယ်စပ်နား ဖြစ်ပွားနေတဲ့ မြန်မာအစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲကြောင့် တရုတ်နိုင်ငံထဲကို မကြာခနဗုံးဆံကျပြီး တရုတ် နိုင်ငံသားတွေ သေဆုံးရတဲ့အထိ ဖြစ်ခဲ့တာကို တရုတ်အစိုးရအနေနဲ့ တစုံတရာ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ တရုတ်နိုင်ငံသားတွေက တွန်းအားပေးမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပေါ်လာရတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

တရုတ်စစ်တပ်ရဲ့ မြေပြင်နဲ့ဝေဟင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မနက်ဖြန်စတင်မှာဖြစ်ပြီး တကယ့်တိုက်ပွဲတွေမှာလို ကျည်ဆံအစစ်တွေကို အသုံးပြုမှာဖြစ်တယ်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်-မြန်မာနယ်စပ်နားက ယူနန်ပြည်နယ် ဒေသနှစ်ခုမှာ လုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပေမယ့် စစ်အင်အား ဘယ်လောက်နဲ့လေ့ကျင့်သွားမယ်၊ လေ့ကျင့်မှုအစီစဉ်တွေ ဘယ်တော့အဆုံးသတ်မလဲ ဆိုတာကိုတော့ ထုတ်ပြော တာမျိုးမရှိပါဘူး။စစ်ရေးလေ့ကျင့်နေချိန်အတွင်း အဲဒီဒေသမှာပျံသန်းကြမယ့် လေယာဉ်တွေကိုတော့ သတိချက် ထုတ်ထားပါတယ်။ နယ်စပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်သွားမယ့်အကြောင်း တရုတ်က မြန်မာအစိုးရကို အသိပေးထားပါတယ်။ တရုတ်နယ်စပ် စစ်ရေးလေ့ကျင့်မှုဟာ လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က ဒီကနေ့ ဘေဂျင်းမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ်က စစ်တပ်ရဲ့ သာမာန်လုပ်ရိုးလုပ်စဉ်ပါ။ တရုတ်နိုင်ငံပိုင်နက်ထဲကို မြန်မာနိုင်ငံဖက်ခြမ်းက ဗုံးဆံတွေ ကျရောက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကျမတို့ရဲ့ ရပ်တည်ချက်ကို ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေဟာ တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိပါးတယ်လို့ ကျမတို့ ယူဆပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်သူတွေ အားလုံး အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ၊ ပဋိပက္ခတွေ ကြီးထွားမလာအောင် တားဆီးဖို့နဲ့ တင်းမာမှုတွေလျော့ပါးအောင် တတ်နိုင်သမျှ ကြိုးပမ်းကြဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုပါတယ်။”

အခုလို စစ်ရေးလေ့ကျင့်မှုတွေ ပေါ်လာရတာဟာ တရုတ်နိုင်ငံသားတွေရဲ့ တွန်းအားပေးကြောင့်ရော မြန်မာစစ်တပ်ကိုပါ ဟန့်တားလိုတဲ့ သဘောဖြစ်တယ်လို့ တရုတ်-မြန်မာ နှစ်နိုင်ငံအရေးလေ့လာတဲ့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ကျမမြင်တာကတော့ ဒီလိုပါ။ ကိုးကန့်နဲ့တရုတ်နယ်စပ်နဲ့မှာ ခနခနလည်း ဗုံးတွေက ကျနေတယ်လေ။ တရက်ခြား၊ နှစ်ရက်ခြား ကျကျနေတယ်။ လူတွေသာမထိတာ။ အဲဒီတော့ ကိုးကန့်နယ်စပ်နဲ့ကပ်နေတဲ့ တရုတ်ကလူတွေက သူတို့စစ်တပ်ကိုပဲ သူတို့ တော်တော်မကျေမနပ်ဖြစ်နေတာ။ သူတို့အစိုးရကိုပဲ။ အဲဒါကို ကျေနပ်စေဖို့အတွက် ဒီက နည်းနည်း အင်အားပြတဲ့သဘောပေါ့။ ဗမာပြည်ဘက်က လေတပ်တွေ၊ ဘာတွေ ညာတွေ ကျော်ပြီး ကျမလာရေးအတွက်ပေါ့။ အဲလို လုပ်တယ်လို့ ထင်ပါတယ်။”

တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေကြောင့် ဒေသခံတွေရဲ့နေ့စဉ်ပုံမှန်ဘဝကို ထိခိုက်မှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာအစိုးရတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြားတိုက်ပွဲတွေအတွင်း မြန်မာတိုက်လေယာဉ်က ကြဲခဲ့တဲ့ဗုံးတွေကြောင့် မတ်လထဲ တရုတ် နိုင်ငံသား ၅ ယောက်သေဆုံးခဲ့တဲ့ အဖြစ်အပျက်အပါအဝင် စစ်ပြေးဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဖက်ဝင်တာတွေကြုံနေ ရချိန်မှာပဲ တရုတ်နိုင်ငံဖက်က စစ်ရေးလေ့ကျင်မှုတွေ ပြုလုပ်လာတာပါ။ တရုတ်မြန်မာနယ်စပ် ကိုးကန့်တိုက်ပွဲတွေကို တရုတ်နိုင်ငံက စိုးရိမ် နေပေမယ့် ခုချိန်ထိတော့ နယ်စပ်နားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့သုံးရက် တောက်လျှောက်ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းလည်းပြင်းထန်ပါတယ်။ ဖြစ်တာကတော့ နယ်စပ်မှတ်တိုင်ပေါ့နော-112 နဲ့ 113 ကြားလောက်မှာဖြစ်မယ်။ လက်နက်ကြီးနဲ့ပစ်၊ ပြီးတော့ ကြည်းတပ်နဲ့ထိုးပေါ့။ လက်နက်ကြီးလည်း တရုတ်ဘက်ကို ကျတာ ရှိပါတယ်။ ပြီးတော့ တနေ့တုန်းကနဲ့ မနေ့တုန်းကဆို ဒီ မြန်မာ့တပ်မတော်ဘက်က တပ်မတော်သားတွေ ကျွံတောင် ကျွံသွားတယ် ပြောတယ်။ တရုတ်ပြည်ဘက်တောင် ရောက်သွားတယ်။ ပြီးတော့ တရုတ်ပြည်ဘက်ကနေ ကျနော်တို့ဘက်ကို ပြန်ပစ်၊ အဲလိုပေါ့ဗျာ။ မနေ့ည ၁၂ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပါတယ်။”

ဦးထွန်းမြတ်လင်းပြောဆိုချက်တွေနဲ့ ပတ်သက်လို့ VOA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်ပွဲဖြစ်နေတာကြောင့် ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေးပြဌာန်းခဲ့တာကို သက်တမ်းဆက်တိုးဖို့ ပြီးခဲ့တဲ့လအတွင်း မြန်မာ့လွှတ်တော်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG