သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေးတိုးတက်မှု တရုတ်ကြောင့်နှေးကွေးနိုင်


တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဈေးကွက်တွေအပေါ် အန္တရာယ်ရှိစေနိုင်တာကို ထောက်ပြပြီး၊ ၂၀၁၆ ခု အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်ကို IMF ခေါ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးက လျှော့ချလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၆ ခုမှာ ၃.၄% နဲ့ ၂၀၁ရ ခုမှာ ၃.၆ % တိုးလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ဝါရှင်တန်အခြေစိုက် IMF အဖွဲ့ကြီးက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ အရင်က ခန့်မှန်းချက်တွေထက် (ဒဿမ ၂ %) လျော့နည်းနေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ်မှာ ၆.၃ % တိုးပြီး ၊ ၂၀၁ရ မှာတော့ ၆.၀ % သာ တိုးလိမ့်မယ်လို့ IMF က ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန်တွေအပေါ် အခြေခံတဲ့စီးပွားရေးစနစ်ကနေ စားသုံးသူတွေရဲ့ ဝယ်လိုအားအပေါ် အခြေခံတဲ့ စီးပွားရေးစနစ်ဆီကို ပြောင်းလဲရာမှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ခုလိုပြောင်းလဲရာမှာ တရုတ်နိုင်ငံရဲ့ ကုန်ကြမ်းဝယ်လိုအား ကြီးမားမှုကြောင့် စီးပွားရေးတိုးတက်လာတဲ့ သံယံဇာတ ပေါကြွယ်ဝတဲ့ Brazil လို နိုင်ငံတွေ အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း တရုတ်အစိုးရရဲ့ အမျိုးသားစာရင်းအင်းဌာနရဲ့ အင်္ဂါနေ့ကထုတ်ပြန်ချက်အရ၊ ၂၀၁၅ ခုအတွက် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဟာ ၆.၉% ရှိတဲ့အတွက်၊ ဒါဟာ ၂၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အနှေးကွေးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ ပထမ သုံးပတ်အတွင်းမှာတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုကြောင့်နဲ့ ရေနံဈေးထိုးကျမှုကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG