ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မှာ ကျင်းပခဲ့တဲ့ တနေ့တာ ရှည်ကြာတဲ့ အစည်းအဝေးမှာ ငွေကြေးလဲလှယ်မှု ကွာခြားတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းမှု မလုပ်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။
တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုး မြှင့်ပေးဖို့အတွက် ဥရောပ ခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုကို လိုက်လျောဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယွမ်ငွေတန်ဖိုး တရှိန်ထိုးတက်လိုက်ရင် တရုတ်နိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေ ဖြစ်စေနိုင်ပြီး ကမ္ဘာ့စီးပွားရေးကိုပါ ဆိုးရွားတဲ့ ဂယက်ရိုက်မှု ဖြစ်စေနိုင်တယ်လို့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) က ပြောပါတယ်။
တရုတ်ယွမ်ငွေ လဲလှယ်မှု တန်ဖိုးကို မြှင့်လိုက်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ ကြိုးနီစနစ် ပြုပြင်ရေးကို ပိုပြီး အားကောင်းလာစေနိုင်တယ်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို (José Manuel Barroso) က တုံ့ပြန်ခဲ့ပါတယ်။
ဘုံငွေကြေးစနစ်ကို သုံးတဲ့ ဥရောပ ၁၆ နိုင်ငံရဲ့ ယူရိုငွေကိုပဲ ညှိနေမယ်ဆိုရင် ဥရောပနိုင်ငံတွေရဲ့ စီးပွားရေး ပြန်ကောင်းလာဖို့ အရေးကို နှောင့်နှေးစေနိုင်တယ်လို့ သူက ပြောပါတယ်။
တရုတ်ရဲ့ ယွမ်ငွေတန်ဖိုးကို နှိမ့်ထားတဲ့အတွက် ဥရောပဘက်က သွင်းကုန်ကို လျှော့ချပြီး တရုတ်ယွမ် တန်ဖိုးတက်အောင် ဘယ်လိုပဲ တွန်းအားပေးပေး တရုတ်နိုင်ငံကို ရောင်းချနေတဲ့ ဥရောပရဲ့ ပို့ကုန်တွေ တန်ဖိုးကို ကျဆင်းစေလိမ့်မယ်လို့ ဥရောပနဲ့ အမေရိကန် ခေါင်းဆောင်တွေဘက်က စိုးရိမ်ပူပန်မှု ရှိနေကြတာ ဖြစ်ပါတယ်။