သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီ ချင်းတွင်းမြစ်ထဲ စစ်ကောင်စီရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးများ တိုက်ပွဲရှိနေ


Travel Myanmar River Journeys
Travel Myanmar River Journeys

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရဲ့ရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲတွေဆက်ရှိနေပါတယ်။ စစ်ကိုင်းထဲ ရေဦးမြို့မှာဆိုရင်လည်းရေဦးမြို့မ ရဲစခန်းနဲ့ ရပ်ကွက်ရုံးတခုကိုလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ ကနီနဲ့ ရေဦးနယ်တဝိုက် တိုက်ပွဲတွေအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချင်းတွင်းမြစ်ထဲ စစ်ကောင်စီရေယာဉ်အုပ်စုဟာ မဲဒင်ရွာအနီး သောင်တင်နေချိန်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့တာလို့သိရပါတယ်။ စစ်ရေယာဉ်အုပ်ထဲ သင်္ဘောတချို့ သောင်တင်လို့ နားနေချိန်မှာ အနီးအနားက ဒေသခံတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာလို့ ကနီ PDF တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီရဲ့တပ်က မနေ့ညက အဲ့နားလေးမှာရောက်တယ်။ ရောက်တဲ့အတွက်ကြောင့်မို့လို့ မဲဒင်ရွာနားလေးမှာ မနေ့ကတည်းက စုန်ဆင်းလာတယ်။ စုန်ဆင်းလာပြီး မဲဒင်နားမှာပဲ စခန်းချပြီး ညအိပ်တယ်။ ညအိပ်ပြီး ဒီနေ့လည်းပဲ သူတို့အဓိက ဆက်စုန် ဆင်းဖို့ အစီစဉ်ရှိတယ်။ စစ်ကောင်စီရဲ့ရေယာဉ်အုပ်စုထဲမှာပါတဲ့ Flat ခွံ ၆ စီးမှာ ၂ စီးက သောင်တင်နေတယ်။ တင်နေတဲ့အတွက်ကြောင့် သူတို့တွေ စောင့်ပြီးတော့ ခေါ်တယ်။ စစ်ကောင်စီဘက်က စပိဘုတ် ၂ စီးပါတယ်။ အဲ့ ၂ စီးကနေပြီးတော့ ရွာသူ ရွာသားတွေရှိတဲ့ဘက်တွေကို ပစ်တာခတ်တာမျိုးတွေရှိတယ်။ အဲ့နားအနီးနားတဝိုက် မှာရှိတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပစ်ခတ်တယ်။ အဲ့လို အပြန် အလှန်ပစ်ခတ်တာတွေရှိတယ်။”

အဲဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် ဒီဇင်ဘာ ၁၁ ရက်က ချင်းတွင်းမြစ်ထဲမှာပဲ စစ်ကောင်စီရေယာဉ် တိုက် ခိုက်ခံခဲ့ရတာရှိပြီး စစ်ကောင်စီဘက်က ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကနီ ယင်းမာပင်ဘက်ကမှာ ကနီမှာတော့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖြစ်ခဲ့တာရှိတယ်။ မနက် ၁၁ နာရီလောက်မှာ ဖြစ်ခဲ့တာရှိတယ်။ အဲ့ဒါကတော့ လှေကို မြစ်ထဲကလှေကို အကြမ်းဖက် ၁၅ ဦးလောက်က ပစ်ခတ် တိုက်ခိုက်ခဲ့တာရှိတယ်။ ကျနော်တို့ဆီကလည်း ပြန်လည်ပစ်ခတ်တာရှိတယ်။ အကြမ်းဖက် အဖွဲ့အစည်းဆီက သေနတ် ၁ လက် ရရှိခဲ့တယ်။ ကျနော်တို့ဆီက စစ်သည်တယောက် ဒဏ်ရာရရှိခဲ့တာ ရှိတယ်။”

ကနီ PDF ဖက်ကတော့ စစ်ကောင်စီဖက်က ဒီထက်ပိုတဲ့ အထိအခိုက်တွေရှိတယ်လို့ VOA ကို ပြောပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက ရေဦးမြို့မ ရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ရေဦးဒေသခံတဦးကပြောပါတယ်။

“၁၂ ခွဲလောက်ကို ရေဦးမြို့မရဲစခန်းနဲ့ အောင်ချမ်းသာ (ရပ်ကွက်) ရုံးနဲ့ကို ရေဦး PDF တို့ ရေဦး ပကဖ တို့က လက်နက်ကြီးနဲ့ထုတာပေါ့။ Local PDF တွေကပဲ သွားပြီး တိုက်ခိုက်တဲ့ပုံစံပေါ့။ ပျောက်ကြား သဘောမျိုးပဲ။ အပြန်အလှန်ပစ်ခတ်တာမျိုးတော့ မရှိဘူး။ ထိခိုက်သေဆုံးတော့ လောလောဆယ်အထိတော့ မကြားရသေးဘူး။ Local PDF တွေက ပစ်ခတ်ပြီးတဲ့အချိန် သူတို့က မြို့ထဲကို ပတ်ပြီးတော့ သေနတ်ရမ်းပြီးပစ်တယ်။ ပစ်တဲ့အချိန် ကလေးငယ်တယောက်တော့ လက်မှာ ကျည် ရှပ်ထိတယ်ကြားတယ်။”

တိုက်ခိုက်မှုကြောင့် မြို့မရဲစခန်းအတွင်းက ကားတစီးနဲ့ လူနေတန်းလျားတခု ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပေမယ့် ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက်မရခဲ့ပါဘူး။ ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီက မြို့ဝင်မြို့ထွက်တွေကို စစ်ဆေးတာတွေရှိပြီး မြို့တွင်းမှာလည်း စစ်ဆေးတာတွေ ပြုလုပ်နေပြီး လုံခြုံရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

===========

[[Unicode]]











#MyanmarViolence #MyanmarMilitary #VOABurmese


===========

XS
SM
MD
LG