သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တချို့ တရုတ် မောင်းထုတ်


မြန်မာပြည်မြောက်ပိုင်း ကချင်ဒုက္ခသည်စခန်း။
မြန်မာပြည်မြောက်ပိုင်း ကချင်ဒုက္ခသည်စခန်း။
တရုတ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်း ၆ ခုမှာ နေထိုင်နေကြတဲ့ ကချင် စစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ဖို့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီရက်ပိုင်းတွေ အတွင်းမှာ သွားရောက် ဆွေးနွေးပြီးတော့ အခုအခါမှာ KIO က စီစဉ်ထားတဲ့ စခန်းကို လိုက်ပါရွှေ့ ပြောင်းမယ့် လူစာရင်းတွေ စတင် ကောက်ယူနေပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်လည်ခေါ် ယူဖို့ အတွက် ပြီးခဲ့တဲ့ လတွေကတည်းက တရုတ်အစိုးရက တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လက်ရှိပြောင်းရွှေ့ကြမယ့် စခန်းခြောက်ခုကတော့ တရုတ်နိုင်ငံ၊ ရွှေလီခရိုင်အတွင်း က နောင်တောင်း မြို့နယ် မှာရှိတဲ့ လော့ဖိုင်၊ ယန်လု၊ ငါနောင်းပါ၊ လုံကောက်၊ ၊နားကောင်းနဲ့ ခါဒေါင်းပါ စခန်းတွေဖြစ်ပြီး ကချင်ဒုက္ခသည် မိသားစု ၈၀၀ ကျော်၊ လူဦးရေ ၄,၆၀၀ လောက် ရှိတာ ဖြစ်ပါတယ်။

ဒီစခန်းတွေပြောင်းရွှေ့ဖို့အတွက် တရုတ် ဒေသခံအာဏာပိုင်တွေက အရင်လတွေကတည်းက KIO ကို တောင်းဆိုထားပါတယ်။ ဒီတပတ်အတွင်းမှာတော့ KIO တာဝန်ရှိသူတွေက စခန်းက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီး ပြောင်းရွှေ့ဖို့ ပြောဆိုလာတာဖြစ်တယ်လို့ စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။

“အင်္ဂါနေ့ကနေ စပြီးတော့မှ အဲဒီ KIO လူကြီးတွေက Camp တိုင်း Camp တိုင်းမှာ ဒုက္ခသည်တွေနဲ့ လာ ဆွေးနွေးတယ်။ အဓိက-ကတော့ ဒီစခန်းပြောင်းရွှေ့ဖို့ပဲ။ KIO ကကျတော့ မပြောင်းရင်လည်း ဒီစခန်းတွေမှာ ဆက်ပြီးတော့မှ နေထိုင်ခွင့်မရှိတော့ဘူးလို့ပြောတာပဲ။ အဲဒါကျတော့ ဒီ တရုတ် အစိုးရရဲ့ဖိအားပေါ့နော်။ ပြောင်းဖို့ကို အခု ဟိုဘက်ပြောင်းမယ့် ဒုက္ခသည် စာရင်းတွေ ကို ကောက်နေပြီ။ ကောက်ပြီးမှ သဘက်ခါကျရင် ကျနော်တို့ မိုင်ဂျာယန်ကို အဲဒီ ဒုက္ခသည် စာရင်းတွေကို သူတို့ ဆီကို သွားပို့ရမယ်။”

ဒီစာရင်းတွေ ကောက်ယူပြီးစီးမှ ပြောင်းရွှေ့ဖို့အတွက် စတင်စီစဉ်မှာဖြစ်ပြီး ဘယ်တော့ ပြောင်းရွှေ့ ရမယ် ဆိုတာတော့ အတိအကျမသိရသေးဘူးလို့ ပြောပါတယ်။ KIO က ဒုက္ခသည်ရေးရာ တာဝန်ခံ ဦးဒွဲပီဆာကတော့ နောင်တောင်း ဒုက္ခသည်စခန်းတွေက ပြောင်းရွှေ့ လာမယ့်သူတွေအတွက် ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၃) ထိန်းချုပ်ရာ လနာဇွပ်ဒေသမှာ စခန်းသစ်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

တချို့ဒုက္ခသည်တွေကတော့ စခန်းသစ်ကို လိုက်ပါလိုတဲ့ ဆန္ဒမရှိဘူးလို့လည်း နောင်တောင်းစခန်းက ဒုက္ခသည်က ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီမှာရှိတဲ့ ဒုက္ခသည်တွေရဲ့သဘောထားကတော့ တချို့ကျတော့ ဒီ ကိုယ်ရဲ့ဇာတိဘက်ကို နီးတဲ့ မန်ဝိန်းဘက်ကို သွားမယ့်သူကလည်း ရှိပါတယ်။ အဲဒီဘက် သွားမယ်ဆိုတာက KIO ရဲ့ပေါ်လစီ ကို ဆန့်ကျင် တာတော့ မဟုတ်ဘူး။ ဟိုဘက်သွားတယ်ဆိုတာက ကျနော်တို့ရဲ့ အခြေအနေ တခုကြောင့်ပေါ့နော်။ ကျနော်တို့က ဟိုဘက်မှာ တိရစ္ဆာန်တွေ၊ လယ်ယာတွေ၊ အိမ်တွေဘာတွေ ရှိထားတယ်ဆိုတော့ ကိုယ်ရဲ့အိမ်နဲ့ နီးတဲ့ဘက်ကို ပြောင်းရွှေ့သွားတာလည်း ရှိပါတယ်။”

ဒီလို သူတို့ရဲ့ဇာတိကျေးရွာဘက်ကို ပြောင်းရွှေ့မယ့်သူက ဒုက္ခသည်အားလုံးရဲ့ သုံးပုံတစ်ပုံလောက် ရှိမယ် လို့လည်း သူက ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံက ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်နေသူ တယောက်ကတော့ ဇာတိကျေးရွာကို ပြန်သူတွေ အနေနဲ့ကတော့ လုံခြုံရေးအရ အာမခံချက် အပြည့် မရှိဘူးလို့ ပြောပါတယ်။

“လုံခြုံရေးဆိုတာက အာမခံချက်မပေးနိုင်ဘူးခင်ဗျ။ အဲဒီဘက်မှာက တပ်မတော်ဘက်က လည်း နေရာယူ ထားတယ်။ KIA ဘက်ကလည်း ဖြတ်သွားဖြတ်လာရှိတဲ့အခါကျတော့ လုံခြုံရေးအရ လုံးလုံးလျားလျား ရှိတယ်တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ လောလောဆယ် အိပ်နိုင် စားနိုင်အောင် တရက်နှစ်ရက် တလ နှစ်လ ကိုယ့်အတွက် ဒီ့ပြင်နေရာကို သွားမယ့်အစား ဆိုပြီးတော့ ဆုံးဖြတ်ပြီး သွားကြမှာနေမှာပေါ့။ တကယ်လို့ ပြန်ပြီးတော့ အခြေအနေမကောင်းလို့ ရှုပ်ထွေးလာရင်လည်း ဒီဘက်ကို သို့မဟုတ် လုံခြုံတဲ့နေရာကို ပြန်ပြီး တော့ ရွှေ့ဖို့ ပြောင်းဖို့ ကြိုတင်စဉ်းစားပြီးတော့ လုပ်ကြရမှာနေမှာပေါ့။”

ဒုက္ခသည်တွေကတော့ မိုးတွင်းကာလဖြစ်တာနဲ့ ကလေးငယ် ၈၀၀ လောက်ရဲ့ပညာရေးအတွက် မပြောင်းရွှေ့ ချင်ကြောင်း ပြောဆိုခဲ့ကြသလို KIO ကတော့ စခန်းသစ်မှာ ကျောင်းသားတွေအတွက် စာသင်ခန်းတွေ ပြင်ဆင် ထားကြောင်း ဒုက္ခသည်တွေကို ရှင်းလင်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ လအတွင်းကတော့ မြန်မာနိုင်ငံဘက်က လက်နက်ကိုင် ပဋိပက္ခတွေကနေ ထွက်ပြေးလာ သူတွေကို တရုတ်အစိုးရက လက်မခံဘဲ မောင်းထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီး နောက်မှာတော့ စစ်ပြေးဒုက္ခသည်တွေကို ကာကွယ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က တိုက်တွန်းပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရဘက်ကလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေကြောင်း တုံ့ပြန် ပြောဆိုပါတယ်။

လောလောဆယ်မှာတော့ တရုတ်-မြန်မာနယ်စပ်က KIO ထိန်းချုပ်ရာဒေသမှာ ဒုက္ခသည် ၅၀,၀၀၀ ကျော် လောက်ရှိနေပြီး ကချင်ပြည်နယ်က မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဗန်းမော် စတဲ့မြို့တွေက ဒုက္ခသည်စခန်းတွေမှာ တော့ ၂၀,၀၀၀ ကျော်လောက်ရှိမယ်လို့ ဒုက္ခသည်အရေးကူညီသူတွေက ခန့်မှန်းကြပါတယ်။ KIAနဲ့ မြန်မာ အစိုးရအကြားမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာ တနှစ်ကျော် လာခဲ့ပြီး နှစ်ဘက် အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးတာတွေ ရှိပေမဲ့ အခုချိန်ထိတော့ မအောင်မြင်သေး ပါဘူး။
XS
SM
MD
LG