သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ရေလက်ကြား တရုတ်မိုးပျံပူဖောင်းတွေ ဖြတ်သန်း


Chinese balloons crossing the Taiwan Strait
Chinese balloons crossing the Taiwan Strait

ထိုင်ဝမ်ရေလက်ကြားမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်ထောက်လှမ်းရေး မိုးပျံပူးဖောင်း ၈ လုံး ဖြတ်ကျော်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ အခုလို ထောက်လှမ်းရေး မိုးပျံပူးဖောင်းအမြောက်အများ ရောက်လာတာဟာ ဒုတိယမြောက်နေ့ ဖြစ်ပါတယ်။

ဒီဇင်ဘာကတည်းက တရုတ်ဘက်ကလာနေတဲ့ မိုးပျံပူးဖောင်းတွေနဲ့ ပတ်သက်လို့ ထိုင်ဝမ်အစိုးရဘက်က ကန့်ကွက်ထားတာပါ။ ထောက်လှမ်းရေး မိုးပျံပူးဖောင်းတွေဟာ ထိုင်ဝမ်လေကြောင်း လုံခြုံရေးကို ခြိမ်းခြောက်နေပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးအဖြစ် တရုတ်က ကြိုးပမ်းနေတယ်လို့ ထိုင်ဝမ်က ပြောဆိုခဲ့ပါတယ်။

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေ့စဉ်အစီရင်ခံစာမှာ ပထမဆုံးမိုးပျံပူးဖောင်းကို စနေနေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး နောက်ဆုံးတလုံးကို နေ့လည်ပိုင်းလောက်မှာ တွေ့ခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို ထိုင်ဝမ်ဘက်မှာ ထောက်လှမ်းရေး မိုးပျံပူးဖောင်းတွေ တွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနက တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

လက်ရှိ ထိုင်ဝမ်နဲ့ တရုတ်မှာ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနေချိန်ဖြစ်သလို အားလပ်ရက်ရှည်ပိတ်ထားတဲ့ အချိန်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကတော့ မိုးပျံပူးဖောင်းတွေနဲ့ ပတ်သက်တဲ့ ထိုင်ဝမ်ရဲ့ အကြိမ်ကြိမ်စွပ်စွဲချက်တွေကို တရုတ်က ငြင်းပယ်ထားပါတယ်။ ဒီမိုးပျံပူးဖောင်းတွေဟာ မိုးလေဝသဆိုင်ရာ အတွက် အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ လွှတ်တင်ခဲ့တာဖြစ်ပြီး ဒါကို ထိုင်ဝမ်ဘက်က နိုင်ငံရေးအရအသုံးချတာမျိုး မလုပ်သင့်ဘူးလို့လည်း တရုတ်က တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG