သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့နယ်စပ်မြို့တွေ ကပ်ဘေးကန့်သတ်မှု တရုတ်တင်းကျပ်


Chinese border police guards keep watch as migrant workers return from China at the Myanmar border gate in Muse in Shan state on May 12, 2020. - Hundreds of migrant workers, who had been trapped in China as a result of the COVID-19 novel coronavirus pande
Chinese border police guards keep watch as migrant workers return from China at the Myanmar border gate in Muse in Shan state on May 12, 2020. - Hundreds of migrant workers, who had been trapped in China as a result of the COVID-19 novel coronavirus pande

{{Zawgyi/Unicode}}
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့မှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူ နေတိုင်းရှိနေတာကြောင့် မြန်မာအများစုရှိတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်တာတွေ တရုတ်အာဏာပိုင်တွေဘက်က ပိုပြီးတင်းတင်းကျပ်ကျပ် လုပ်လာပါတယ်။ တချိန်ထဲမှာဘဲ ဒီဒေသတွေမှာ ရောက်နေကြတဲ့ မြန်မာတချို့ဟာလည်း ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေကြရပါတယ်။ ရန်ကုန်သတင်းထောက် ပေးပို့ထားတဲ့ သတင်းအပြည့်အစုံကို ကိုဇော်ဝင်းလှိုင်ပြောပြပါမယ်။

ယူနန်ပြည်နယ် တယ်ဟုန်ပြည်ခွဲထဲက မြို့နယ်တွေမှာ ကိုဗစ်ရောဂါ တကြော့ပြန် ကူးစက်နေပြီး ရောဂါဖြစ်သူတွေထဲမှာ မြန်မာတွေလည်း ပါနေတဲ့အတွက် မြန်မာလုပ်သားတွေကို စက်ရုံနဲ့ နေအိမ်ပြင်ပကို မထွက်ဖို့၊ ကျောက်အရောင်းအဝယ်နဲ့ဈေးဆိုင်တွေမဖွင့်ကြဖို့ တရုတ်အာဏာပိုင်တွေက သတိပေးထား ပါတယ်။

အထူးသဖြင့် မြန်မာတွေအနေများတဲ့ မူဆယ်တဖက်ကမ်း ရွှေလီနဲ့ ကျယ်ဂေါင်မြို့နယ်နှစ်ခုကို ယူနန်ပြည်နယ်အစိုးရက ဧပြီလဆန်းကတည်းက အသွားအလာ ပိတ်ချထားပြီး ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ မသိရကြောင်း ကျယ်ဂေါင်မှာနေတဲ့ စိုင်းလောင်ခမ်းက ဗွီအိုအေကို ပြောပါတယ်။

“ တရက် တရက် တိုးတိုးနေတာဆိုတော့ နောက်ထပ် ကျနော်တို့ သူဌေးက ပြောတာကတော့ တလလောက် ကြာမယ်လို့ပြောတယ်။ စက်ရုံတွေတို့၊ ပန်းရံဆိုက်တို့ အတွင်းထဲမှာပဲ နေရတယ်၊ အပြင်မထွက်ရဘူး။ ကျနော်တို့ ကျယ်ဂေါင်ဆိုရင် တမြို့လုံးပဲ အလုပ်တွေလည်း အကုန်နားထားတယ်။ ဈေးဆိုင်တွေလည်း အကုန်ပိတ်ထားတယ်၊ အဲလိုမျိုး ဖြစ်နေတာ။”

မြန်မာအများစုဟာ ကိုဗစ်ရောဂါစစ်ဆေးမှုကို အနည်းဆုံး ၆ ကြိမ်လောက် ခံခဲ့ရပါတယ်။ မန်စီနဲ့ ယင်ကျန့်မြို့နယ်က ရောဂါစောင့်ကြည့် စင်တာတွေမှာ မြန်မာအများအပြား စောင့်ကြည့်ခံနေရပြီး ကုန်ကျစရိတ်အတွက်လည်း အခက်အခဲရှိကြောင်းလည်း သူကဆက်ပြောပါတယ်။

“ ဆေးစစ်တယ်ဆိုရင် အာခေါင်တွေ စစ်တယ်ဆိုရင် အကုန်လုံးတန်းစီ အဲလို၊ နောက်တခါ အဲဒီအထဲကတယောက် ပြန်တွေ့ပြီဆိုရင် ကျနော်တို့ကို သုံးလေးရက်နေရင်ပြန်စစ် အဲလိုမျိုး စစ်လိုက်၊ တွေ့လိုက် ဖြစ်နေတာ။ Quarantine စင်တာတွေ သီးသန့်ရှိတော့ အဲဒီကို ပို့ကြတယ်၊ ဒီမှာတော့ အခြေအနေက တော်တော်ဆိုးတယ်၊ ဗမာတွေလည်း တော်တော်ဒုက္ခရောက်နေတယ်၊ စရိတ်မရှိတဲ့ သူကတော့ အခြေအနေမကောင်းဘူး နေရထိုင်ရ စားတာသောက်တာ အဲလိုရှိတယ်။”

မြန်မာတယောက်နဲ့ တရုတ်နိုင်ငံသားတယောက်မှာ ကိုဗစ်ရောဂါ ထပ်တွေ့ရကြောင်း ယူနန်ကျန်းမာရေး ကော်မရှင်က ဒီနေ့ ဧပြီလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ရွှေလီနဲ့ကျယ်ဂေါင်မှာ အသွားအလာတွေ ပြန်ဖွင့်ဖို့ ဒီထက်ပိုကြာလိမ့်မယ်ဆိုပြီး ခန့်မှန်းနေတာလည်း ရှိပါတယ်။

အခုအတောအတွင်း ဝင်ငွေမရှိသူတွေကို ပရဟိတအဖွဲ့တွေက ကူညီပေးနေသလို အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်ချင်သူတွေလည်း အများအပြားရှိကြောင်း တအောင်းပရဟိတအဖွဲ့က မိုင်ဦးလှိုင်အေးက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ မြန်မာနိုင်ငံသားက နဂိုကတည်းက လုပ်ငန်းမဖြစ်ပါဘူးဆိုမှ လောလောဆယ် lockdown ထပ်ချတော့ နည်းနည်းတော့ စိတ်ဆင်းရဲရတာပေါ့၊ တချို့ဆိုလည်း အိမ်ပြန်ချင်တာပေါ့။ စားဖို့သောက်ဖို့ ခက်ခဲတယ် အလုပ်လည်း မဖြစ်ဆိုရင်တော့လည်း အိမ်ရှင်ဆီပြော ကျနော်တို့မြန်မာပြည် ပြန်ချင်တယ် ကိုယ်ပိုင်မှတ်ပုံတင် နံပတ်တွေနဲ့။ အိမ်ရှင်ကနေ့ခင်း ရဲကိုခေါ် စာရင်းတွေဘာတွေယူ၊ ညဆိုရင် တရုတ်စံတော်ချိန် ၁၂ နာရီဆိုရင် ခိုးပေါက်ကနေ ခိုးထုတ်ပေးတာပေါ့။ မနေ့ညကတောင်မှ အယောက် ၆၀ မြန်မာပြည်ဘက် ပြန်သွားပြီ ရောက်သွားပြီ မြန်မာဘက်။”

ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲထဲမှာ ကိုဗစ်ရောဂါဖြစ်သူ ၁၀၀ ဝန်းကျင်ရှိလာပြီး ဆေးရုံမှာ လက်ရှိ ကုသခံနေတဲ့ လူနာကတော့ ၆၇ ယောက်ရှိကြောင်း ယူနန်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားတာပါ။

ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် မြန်မာကုန်ကားတစီးကို ကုန်ပစ္စည်းနမူနာအခု ၃၀စီ ပေးပို့ပြီး စစ်ဆေးခံရမယ်လို့ ယူနန်ပြည်နယ် Covid-19 ကာကွယ် ထိန်းချုပ်ရေးက ဧပြီလ ၁၉ ရက်မှာ ကြေညာထားပါတယ်။ ဒီလို ကျန်းမာရေး ကန့်သတ်ချက်ကြောင့် လက်ရှိမှာ မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်သလောက်ဖြစ်နေပြီး မြန်မာဘက်က ဆန်၊ ရေထွက်ကုန်နဲ့ ရာသီပေါ်သီနှံတွေအားလုံး မသွားနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}











XS
SM
MD
LG