{{Zawgyi/Unicode}}
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေး ၂ သန်း ရောက်ရှိလာကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။
၂ ကြိမ်ထိုးရတဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေး အကြိမ် ၂ သန်းစာ စနေနေ့က ရောက်လာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ အခုနောက်ဆုံး ရောက်လာတဲ့ ဆေး ၂ သန်း အပါအဝင် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ဆေးအလုံးရေ ၇.၆ သန်း ပေးပို့ခဲ့ပြီး ဒီအထဲက ၂.၉ သန်းက ထောက်ပံ့ကူညီတာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြားမှာပဲ ကိုဗစ်ရောဂါကူးစက်မှု တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတာကြောင့် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရတာပါ။
အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီးတာ ဖိနှိပ်တာတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာလည်း အားနည်းချက်တွေ ရှိနေပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို နိုင်ငံအဝန်း သတ်မှတ်ထားတဲ့ အုပ်စုအလိုက် ထိုးနှံပေးနေပြီး အခုနောက်ဆုံး တရုတ်နိုင်ငံက ကာကွယ်ဆေးတွေကိုလည်း တိုင်းနဲ့ပြည်နယ်တွေကို ဆက်လက် ဖြန့်ဝေမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကိုလည်း ထိုးနှံပေးသွားဖို့ စီစဉ်ထားကြောင်း စစ်ကောင်စီပြောခွင့်ရက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားတာပါ။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါ ကူးစက်သူ အတည်ပြုလူနာ ၃ ထောင်နီးပါးနဲ့ သေဆုံးသူ ၁၀၉ ယောက် ရှိကြောင်း ဖော်ပြထားတာကြောင့်၊ ကူးစက်သူ အတည်ပြုလူနာ စုစုပေါင်း ၃၈၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁ သောင်းခွဲကျော် ရှိပါတယ်။
........................................
{{Unicode}}