သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်တည်ငြိမ်ရေး တရုတ်တိုက်တွန်း


တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan
တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan

နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာ အနေနဲ့ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ် ကာကွယ်ရေး ဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ စစ်ဘက်ရေးရာ ဆွေးနွေးဖို့ ဘေဂျင်းမြို့တော်ကို တနလာၤနေ့က ရောက်ရှိလာတဲ့မြန်မာ့ တပ်မတော်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan က နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးကို ပူးပေါင်းထိန်းသိမ်းထားဖို့ ပြောဆိုခဲ့တာလို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ပြည်တွင်း နိုင်ငံရေးမြှင့်တင် ဆောင်ရွက်ချက်တွေ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ နိုဝင်ဘာ ရွေးကောက်ပွဲတို့ကိုစီစဉ် ထားတဲ့ အတိုင်း အောင်အောင်မြင်မြင် ကျင်းပရေးတို့ကို တရုတ်တို့က ထောက်ခံတဲ့ အကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီက ပြောကြားခဲ့တာပါ။ ဒီနှစ်အစောပိုင်း တရုတ် နယ်စပ် ကိုးကန့် ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာ့ ပြည်တွင်းစစ်ကြောင့် တရုတ်ပြည်သူတချို့တို့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ခဲ့ရပြီးနောက်မှာတော့ တရုတ်အစိုးရက နယ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ မြန်မာအစိုးရကို အကြိမ်ကြိမ် သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အာဏာရ တရုတ် ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူး အဖြစ်နဲ့ တရုတ် သမ္မတ ရှိကျင်ပင်က မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ပြည်တွင်း နိုင်ငံရေး ဘယ်လိုဘဲ ပြောင်းလဲသွားပါစေ မြန်မာနိုင်ငံ အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကိုတော့ အပြုသဘောဆောင်ပြီး ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့ တရုတ်တို့ဘက်က မျှော်လင့်ပါကြောင်း တရုတ် သမ္မတ ရှိကျင်းပင်က မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG