သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် အကြမ်းဖက်တိုက်ခိုက်မှု တရုတ် ရှုတ်ချ


ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် (မေလ ၁၂၊ ၂၀၁၈)
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် (မေလ ၁၂၊ ၂၀၁၈)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်း အပြစ်မဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်လို့ပြစ်တင်ရှုတ်ချကြောင်းနဲ့ အထူး ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေအနေနဲ့ရော တခြားသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ အပစ်အခတ် ချက်ချင်းရပ်စဲဖို့နဲ့ အသက်ဆုံးရှုံးမှုထပ်ဖြစ်လာနိုင်တဲ့ အခြေအနေဆိုးတွေကို တားဆီးနိုင်ဖို့အပြင် တရုတ်မြန်မာ နယ်စပ်မှာ အခြေအနေ အေးဆေးတည်ငြိမ်လာအောင် ဆောင်ရွက်ဖို့လည်းတိုက်တွန်းပါတယ်။

နယ်စပ်ဒေသက ၂ နိုင်ငံ လူထုတွေရဲ့ ဘဝနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ မဆုံးရှုံရလေအောင်လည်း ဆောင်ရွက်ဖို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ စနေ မနက်ပိုင်းက မြန်မာစစ်တပ်နဲ့ တအောင်းပလောင်တပ်တွေ တိုက်ပွဲဖြစ်တွေဖြစ်ပွါးခဲ့ပြီး သင်္ကြန်ကာလနောက်ပိုင်းမှာ စစ်တပ်ဘက်က ပိုက်စိပ်တိုက် ထိုးစစ်ဆင်လာတာကြောင့် အခုလိုတုံ့ပြန်တာဖြစ်ကြောင်း PSLF/TNLA တပ်ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ မူဆယ်မြို့နယ်အတွင်းက လုံခြုံရေးဂိတ်စခန်းတွေနဲ့ နေအိမ်တွေကို KIA နဲ့ TNLA အကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် ဌာနေပြည်သူ့စစ်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၁၉ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂၇ဦး ဒဏ်ရာအပြင်းထန်ရခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်ပင်လုံ ကျင်းပဖို့ အစိုးရနဲ့ ငြိမ်းချမ်းရေးတာဝန်ရှိသူတွေက ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ အခုလို တိုက်ပွဲတွေ ဖြစ်ပွါးလာတာပါ။

XS
SM
MD
LG