သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

မြန်မာအစိုးရရဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကို ဧပြီလ ၅ ရက်ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ NLD အစိုးရတက်လာအပြီး ၄ ရက်အကြာမှာ ပထမဆုံး လာရောက်လည်ပတ်တဲ့ ထိပ်တန်း သံတမန် တဦးဖြစ်တာကြောင့် နှစ်နိုင် ငံ ဆက်ဆံရေးကို တရုတ်တို့ဖက်က အလေးထားတယ် ဆိုတာ ပြသ လိုက် တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားဆက်ဆံရေး သုတေသီ Yun Sun က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို တရုတ်အစိုးရက မြန်မာနိုင်ငံကို အခုလို လွတ်လိုက်တာဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံတကာက လာရောက်တဲ့ ထိပ်တန်း သံတမန်တွေထဲမှာ တရုတ်နိုင်ငံက ပထမဆုံး ဖြစ်တယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

Yun Sun ဟာ အမေရိကန်နိုင်ငံအခြေစိုက် Stimson သုတေသနဌာန တရုတ်နိုင်ငံခြားရေးရာ ဆက်ဆံရေးသုတေသီ တဦးဖြစ်ပါတယ်။ သူက တရုတ်နိုင်ငံခြားရေးဝန်ကြီး အခုလို မြန်မာပြည်ကို သွားတာဟာ နှစ်ဖက်စလုံးက ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“NLD အစိုးရတက်လာပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး ထိပ်တန်းသံတမန်ဟာ နိုင်ငံခြားရေးဝန်ကြီး Wang Yi ဖြစ်တယ်ဆိုတာကို တရုတ်နိုင်ငံက ပြသလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ သူအခုလို သွားတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကြောင့် သွားတယ်ဆိုတော့ မြန်မာဖက်ကလည်း တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိလိုတယ်ဆိုတာကို ရှင်းလင်းစွာ ပြသလိုက် တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး NLD အစိုးရတက်လာပြီး ၄ ရက်လောက်အကြာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ရန်ကုန်နဲ့ နေပြည်တော်တို့ကို သွားရောက်လည်ပတ်တာကို ကြည့်ခြင်းအားဖြင့် တရုတ်တို့ဖက်ကလည်း NLD အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိလိုတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။”

တရုတ်နဲ့ မြန်မာနိုင်ငံအကြား အကျိုးတူ ကိစ္စရပ်တွေ ရှိတဲ့အတွက် ဒီခရီးစဉ် ဖြစ်လာတယ်၊ သူတို့ဟာ မိတ်ဆွေနိုင်ငံတွေဖြစ်တယ်ဆိုတာကို ဒီခရီးစဉ်ကနေ ကမ္ဘာကို ပြသနိုင်မှာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အခြေအနေနဲ့ စီးပွားရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ ယူဆကြောင်း Yun Sun ဆက်ပြောပါတယ်။

“ခေါင်းဆောင် ၂ ဦး တွေ့ဆုံကြတဲ့အခါ ်အကြောင်းအရာ ၂ ခုကို အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ ကျမထင်ပါတယ်။ ပထမတချက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပါတယ်။ NLD အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လို ဆက်အကောင်အထည် ဖော်မလဲဆိုတဲ့ ကိစ္စဖြစ်ပါလိမ့် မယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေကို ဦးဆောင် လုပ်ကိုင်ခဲ့တဲ့ မြန်မာငြိမ်း ချမ်းရေးစင်တာ ကို ဖျက်လိုက်ပြီဆိုတာကိုတော့ ကျမတို့ သိထားပြီး ဖြစ်ပါတယ်။ ဆိုတော့ NLD အစိုးရကလည်း NCA - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့အတွက် အဖွဲ့အသစ် ဖွဲ့လိမ့်မယ်လို့ ယူဆထားကြတဲ့ အခါကျတော့ တရုတ်နိုင်ငံကလည်း ဒီလုပ်ငန်းစဉ်တွေမှာ ပိုမို ပါဝင်လာလိုတဲ့ ဆန္ဒရှိတယ်လို့ ကျမထင်ပါတယ်။ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်နယ်စပ်မှာ ရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလဲ ပါလာဖို့ လိုတဲ့အတွက် မြန်မာအစိုးရဟာ ဒီနေရာမှာ တရုတ်ရဲ့ အကူအညီကို လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်အစိုးရဖက်က ဦးစားပေး ဆွေးနွေးနိုင်တဲ့ဒုတိယအချက်ကတော့ - စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်၊ NLD အစိုးရဖက်က လုပ်ဆောင်လိုတဲ့ စီးပွားရေး စီမံကိန်းတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ငွေကြေးလည်း တတ်နိုင်တော့ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ ကူညီ လုပ်ဆောင်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးရေး အစီအစဉ်ဟာ အချိန်ဆွဲမနေပဲ အမြန် လုပ်ဆောင်သင့်တဲ့ ကိစ္စဖြစ်တဲ့အတွက် NLD အစိုးရအနေနဲ့ လက်တွေ့ လုပ်ပြနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ခေါင်းဆောင် ၂ ဦး တွေ့ကြတဲ့အခါ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဘယ်လို လက်တွဲ လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်လို့ ကျမထင်ပါတယ်။”

ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေကို တရုတ်အစိုးရဖက်က အရင်က လုံး၀ ဆက်ဆံမှု မပြုခဲ့ပေမယ့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြား ပါတီအတွင်း က ခေါင်းဆောင်တွေကိုပါ တရုတ်နိုင်ငံကို တရားဝင် ဖိတ်ကြား တာတွေ ပြုလုပ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း NLD အစိုးရသစ်က အခုမှ တိုင်းပြည်အာဏာ ရလာတာ ရက်ပိုင်းကလေးသာ ရှိသေးတဲ့အတွက် အစိုးရ ၂ ခုအကြား ဆက်ဆံရေး ကောင်း မွန်အောင် တည်ဆောက်ဆဲကာ လမှာ မြန်မာပြည်သူတွေ အကြား လိုလားမှုမရှိလှ တဲ့ မြစ်ဆုံဆည်ကိစ္စကိုတော့ ဒီခရီးစဉ်အတွင်း ဦးစားပေး ဆွေးနွေးမယ်လို့ သူ့အနေနဲ့ မယူဆကြောင်း Yun Sun က သုံးသပ်ပါတယ်။

“မြစ်ဆုံဆည်ကိစ္စဟာ ဒီခရီးစဉ်အတွင်း ဦးစားပေးကိစ္စရပ် တခုအဖြစ် ထည့်သွင်း စဉ်စားသင့်တယ်လို့ အစိုးရ ၂ ခုစလုံးက စဉ်းစားကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆုံတည်ကိစ္စဟာ ပြဿနာတခုဖြစ်တယ်ဆိုတာကို တရုတ်ဖက်ကရော မြန်မာဖက်ကပါ လက်ခံထားကြ လို့ ဖြစ်ပါတယ်။ မြစ်ဆုံဆည် စီမံကိန်းကို ပြန်စဖို့အတွက် တရုတ်တို့ဖက်က ဖိအားပေးမယ်ဆိုရင် မြန်မာ လူထုနဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်သလို့ မြန်မာ့ လူမှုအသိုင်းဝိုင်းကြားမှာလည်း တရုတ်နိုင်ငံဟာ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖက်က ကြည့်မယ်ဆိုရင်လည်း မြစ်ဆုံဆည်စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီ ဆိုဦးတော့ ရှေ့ဆက် ဘယ်လို ခရီးဆက်ကြမလဲဆိုတဲ့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ နှစ်နိုင်ငံစလုံးက ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ရေးကိုပဲ အဓိကထား လုပ်ဆောင်ကြမယ်လို့ ကျမထင်ပါတယ်။”

မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းလိုက်ရင်တောင် တရုတ်နိုင်ငံက ဒီစီမံကိန်းမှာ ရင်းနှီးမြုပ်နှံပြီးသမျှ အရင်းအနှီးတွေ ပြန်ရမယ်ဆိုတဲ့ ကတိ ဦးသိန်းစိန် အစိုးရထံက ရရှိထားပြီး ဖြစ်တဲ့အတွက် တရုတ်တို့ ဖက်က အရှုံးမရှိဘူးဆို တာကတော့ သေချာတယ်လို့ Yun Sun က ပြောပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝဓါတ်ငွေ့တွေကို ပိုက်လိုင်းသွယ်ပြီး တရုတ်နိုင်ငံထဲကို တင်ပို့နေတာနေတာပါ။

၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ အရေးတော် ပုံကြီးနောက် ပိုင်း မြန်မာစစ်အစိုးရကို နိုင်ငံတကာ ဝိုင်းပယ်ထားတဲ့ အချိန်မှာ တရုတ် အစိုးရက စစ်အစိုးရလိုအပ်သမျှ အစစ ကူညီ ပံ့ပိုးပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံအတွင်းက စီမံကိန်း ကြီးငယ်တွေမှာ ရင်းနှီးမြုပ်နှံနိုင်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အထိ မျက်နှာသာ ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အစိုးရ သက်တမ်း ထက်ဝက်လောက် ကြာလာတဲ့အခါမှာ မြစ်ဆုံဆည်စီမံကိန်းအပါအဝင် မြန်မာနိုင်ငံအတွင်း တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံထားတဲ့ စီမံကိန်းတွေကို မြန်မာလူထုက ကန့်ကွက်တာတွေ ဖြစ်လာတဲ့ တချိန်ထဲမှာပဲ ဦးသိန်းစိန် အစိုးရကလည်း အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်လာတာကြောင့် ဒီအပေါ် တရုတ်ဖက်က စိုးရိမ်မှုတွေ ရှိလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ တက်လာလာချင်း ဆိုသလိုပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ နိုင်ငံတကာက ထိပ်တန်း သံတမန်တဦဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြေအောင် လုပ်တောင်တာ အပါအဝင် NLD အစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်တွေမှာ ပါဝင် ကူညီနိုင်ရေးအတွက် လက်ဦးမှု လာယူတာလည်း ဖြစ်နိုင်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြန်မာနိုင်ငံကို အခုလို လာလည်တာဟာ NLD အစိုးရနဲ့သာမကပဲ တရုတ် - မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် တရုတ်တို့ဖက်က ကြိုးပမ်းပြရာလည်း ရောက်ပါတယ် ခင်ဗျား။

XS
SM
MD
LG