ပြီးခဲ့တဲ့ သတင်းပါတ် တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကွန်ပျုတာ ဆိုက်ဘာ (Cyber) တိုက်ခိုက်မှု မှာ သူတို့ကြောင့် ဖြစ်တယ် လို့ ပြောဆိုခဲ့တဲ့ အမည်မသိ Anonymous ဆိုတဲ့ ကွန်ပျုတာ စနစ် နှောင့်ယှက် ဖျက်ဆီးတဲ့ အဖွဲ့ တခုက လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ အင်တာနက် ထိန်းချုပ် စီစစ်မှုတွေ လုပ်တဲ့ အစိုးရ အင်တာနက် စာမျက်နှာတွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်သွားမယ် လို့ ပြောလိုက်ပါတယ်။
ဒီလထဲမှာ အစိုးရ ရဲ့ စီးပွားရေး လုပ်ငန်းသုံး အင်တာနက် စာမျက်နှာ ရာ နဲ့ ချီပြီး ဖျက်ဆီး ခဲ့တာဟာ သူတို့ လုပ်တာ ဖြစ်တယ် လို့ တရုတ်နိုင်ငံ Anonymous အဖွဲ့က ပြောဆိုပါတယ်။ တနင်္လာနေ့မှာတော့ ချန်ဒူး (Chengdu) စီးပွားရေး ဒေသအတွက် ပင်မ စာမျက်နှာ အပါအယင် တခြား အင်တာနက် စာမျက်နှာတွေ ဟာ ပြန်ပြီး ပုံမှန် အလုပ်လုပ်ခဲ့ ပုံရတယ် လို့ ဆိုပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ စာမျက်နှာတွေ ပေါ်မှာ တင်ထားတဲ့ သတင်းစကားထဲမှာ
“တရုတ်အစိုးရ ခင်ဗျား။ ခင်ဗျားတို့ ဟာ ဖျက်ဆီးလို့ မရတဲ့ အရာ မဟုတ်ပါဘူး။ ဒီနေ့ ခင်ဗျားတို့ အင်တာနက် စာမျက်နှာကို ဝင်ရောက် ဖျက်ခဲ့ပြီးပါပြီ။ မနက်ဖြန်မှာတော့ စက်ဆုပ်ရွံ့ရှာ စရာ ကောင်းတဲ့ ခင်ဗျားတို့ ရဲ့ အစိုးရ အလှည့်ပါဘဲ။ ခင်ဗျားတို့ အစိုးရ ကျဆုံးရမယ့် အလှည့်ပါလို့”
ရေးသားထားပါတယ် လို့ ဆိုပါတယ်။
Anonymous China အဖွဲ့မှာ အဖွဲ့ဝင် ၁၀ ယောက် ကနေ ၁၂ ယောက် အထိ ပါပြီး အများစုက တရုတ်နိုင်ငံ အပြင်ဖက်မှာ အခြေစိုက်တယ် လို့ အဖွဲ့ဝင် တစ်ယောက်ကို ကိုးကားပြီး ရိုက်တာ Reuters သတင်း က ဆိုပါတယ်။ သူတို့ အုပ်စုထဲမှာ တရုတ် အင်တာနက် စာမျက်နှာတွေကို ဖျက်ဆီးဖို့ စကားပြန် လုပ်သူ ရာနဲ့ ချီပြီး ရှိတယ် လို့လဲ ကွန်ပျုတာ ဖျက်ဆီးသူ အုပ်စုက ပြောဆိုပါတယ်။