တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေး အချက်အလက်တွေကို ပြည်ပက ဝဘ်ဆိုဒ်တခုကို သတင်းပေါက်ကြားခဲ့မှုနဲ့ သတင်းထောက် တဦးကို တရုတ်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘေဂျင်းမြို့မှာ တံခါးပိတ် တရားရုံးတင် စစ်ဆေးခံခဲ့ရတဲ့ အသက် ၇၁ နှစ်အရွယ် သတင်းထောက် Gao Yu ကို ၅ လအကြာ ဒီကနေ့မှာပဲ နိုင်ငံတော် လျို့ဝှက်ချက်တွေကို ပြည်ပက အဆက်အသွယ်တွေထံ ပေးပို့မှုနဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
အမျိုးသမီးကတော့ သူ့မှာ အပြစ်မရှိကြောင်း ခုခံချေပခဲ့ပါတယ်။ ပေါက်ကြားခဲ့တယ်လို့ ဆိုတဲ့ မှတ်တမ်းထဲမှာတော့ ကွန်မြူနစ်ပါတီက ခြိမ်းခြောက်မှုအဖြစ် ယူဆထားတဲ့ အနောက်နိုင်ငံက ဒီမိုကရေစီ အယူအဆတွေ၊ စံတန်ဘိုးတွေ၊ လူ့အခွင့်အရေးနဲ့ သတင်းစာ လွတ်လပ်ခွင့် စတာတွေကို ဖြန့်ဝေတာ မလုပ်ဖို့ သတိပေးထားတာပါ။ ရှေ့နေဖြစ်သူကတော့ စီရင်ချက်ကို ပြန်ပြီးအယူခံဝင်မယ်လို့ ပြောပါတယ်။
ဝါရင့်သတင်းထောက် Gao ဟာ အရင်တုန်းကလည်း တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရဖူးသူပါ။ အတိုက်အခံအင်အားစုတွေ ထုတ်ဝေပြီး၊ Tiananmen ရင်ပြင်က ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီးနောက် အာဏာပိုင်တွေက ပိတ်ပစ်လိုက်တဲ့ အပတ်စဉ် စီးပွားရေးစာစောင်မှာ လက်ထောက် အယ်ဒီတာအဖြစ် တာဝန်ယူနေစဉ် ၁၉၈၉ ခုနှစ်တုန်းကလည်း ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို အားပေးတဲ့ ဆောင်းပါးတစောင် ရေးသားမှုနဲ့ ၁၄ လကြာ အဖမ်းခံခဲ့ရတာပါ။
၁၉၉၄ ခုနှစ်တုန်းကလည်း ဟောင်ကောင် မီဒီယာတခုကို သတင်းပေးခဲ့တဲ့အတွက် နိုင်ငံတော် လျို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခံခဲ့ရဖူးပါတယ်။ အခုနောက်ဆုံး ပြစ်ဒဏ်စီရင်ခဲ့တဲ့ အပေါ်မှာတော့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (Amnesty International) နဲ့ ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်တို့က လည်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။