သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲမယ့် တရုတ်နိုင်ငံ စီးပွားရေး


ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေ နှေးကွေးနေပေမဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို အရှိန်မပြတ် ထိန်းထားနိုင်မှာ ဖြစ်တဲ့အကြောင်း ဘေဂျင်းမြို့တော်က တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ရဲ့ နှစ်ပတ်လည် ညီလာခံ အဆုံးသတ်ချိန်မှာ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး စတဲ့ကဏ္ဍတွေမှာ တိုးတက်အောင် လုပ်ရမယ့် ကိစ္စတွေ ရှိနေတာကိုလည်း သတိပေးခဲ့တာပါ။ စီးပွားရေး အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ တရုတ်ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်တွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏ (GDP) ၁၀% တဝိုက်လောက်နဲ့ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဒုတိယ စီးပွားရေး အင်အား အကြီးမားဆုံး ဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ တိုးတက်မှုတွေ နှေးကွေးလာနေပေမဲ့ ဒီထက်ပိုပြီး ကျဆင်းမသွားအောင် ထိန်းထားမှာ ဖြစ်တဲ့အကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiang ကပြောပါတယ်။ စိန်ခေါ်မှုတွေ ရှိနေတာကို အသိအမှတ်ပြု ပြောဆိုခဲ့ပေမဲ့လည်း အလုပ်အကိုင်သစ် ၁၀ သန်းလောက် ဖန်တီးရေး အပါအဝင် တိုးတက်မှုတွေကို ထိန်းထားနိုင်မယ့် မူဝါဒတွေနဲ့ စီးပွားရေးကို ကျားကန်သွားမှာ ဖြစ်တယ်လို့လည်း တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ရဲ့ နှစ်ပတ်လည် ညီလာခံ အပြီးမှာပဲ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ထဲ တိုးတက်မှုနှုန်း ၇.၈% ရှိခဲ့ပေမဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်လို့ မျှော်လင့်ထားတဲ့ ဒီနှစ်မှာတော့ တိုးတက်မှုနှုန်း သိသိသာသာ ကျဆင်းမသွားဖို့ ရည်ရွယ်ထားတဲ့ အကြောင်းလည်း ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။
“ဒီနှစ်မှာ ပိုပြီးရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေ ကြုံရမယ် ဆိုတာကတော့ မငြင်းနိုင်ပါဘူး။ သိတဲ့အတိုင်း ဒီနှစ်အတွက် GDP ကို ၇.၅% တဝိုက်လောက် ရည်မှန်းထားပါတယ်။ ကျနော်တို့ စဉ်းစားထားတာကတော့ အလုပ်အကိုင်ရရှိဖို့၊ လူတွေရဲ့ဘ၀ တိုးတက် ကောင်းမွန်လာဖို့နဲ့ မြို့ပြရော ကျေးလက်မှာပါ ဝင်ငွေတိုးလာဖို့ပါ။ GDP ပမာဏနဲ့ ကိန်းဂဏန်းတွေထက် လူတွေရဲ့ နေရေးထိုင်ရေး၊ အလုပ်အကိုင် ရရှိရေးတွေကို အာရုံစိုက် လုပ်နိုင်တာတွေ ရှိပါတယ်။”

ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု၊ လက်လီရောင်းချမှုတွေဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကျဆင်းလာတဲ့ သတင်းတွေနဲ့အတူ တရုတ်ဗဟိုဘဏ် အနေနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို လျှော့ပေါ့လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေတာပါ။ တရုတ်စီးပွားရေး လုပ်ငန်းကြီးတချို့မှာ ပြဿနာတွေပေါ်ခဲ့ရာက ပေးစရာရှိတာတွေ မပေးနိုင်တဲ့ အဖြစ်မျိုးတွေနဲ့ ကြုံခဲ့ရတဲ့ အတွက်လည်း အစိုးရအနေနဲ့ ဘဏ္ဍာရေးအရ ကျားကန်ပေးနိုင်မယ့် မူဝါဒတွေ ကျင့်သုံးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်နေကြပါတယ်။ လတ်တလောမှာလည်း တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ကြွေးမြီပမာဏဟာ မကြုံဖူးလောက်အောင် မြင့်မားနေတာပါ။ ရိုက်တာသတင်းဌာနရဲ့ ဆန်းစစ်ချက် တခုမှာဆိုရင်လည်း ဘဏ္ဍာရေး လုပ်ငန်းတွေ မဟုတ်ကြတဲ့ အကြီးစားနဲ့ အလတ်စား လုပ်ငန်းပေါင်း ၉၄၅ ခုရဲ့ ကြွေးမြီပမာဏဟာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ၂၆၀% ကျော်အထိ မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၄.၇၄ ထီလီယံ ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။

တရုတ်ဝန်ကြီးချုပ်ကတော့ ဒီလိုဘဏ္ဍာရေး ပြဿနာတွေ ရှိနေတယ် ဆိုပေမဲ့ စိုးရိမ်ရလောက်တဲ့ အဆင့်အထိ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။
“တရုတ်နိုင်ငံ စီးပွားရေး ကျဆင်းလောက်အောင် ဖိအားတွေ ဖြစ်ခဲ့ရတဲ့ ဘဏ္ဍာရေးနဲ့ ကြွေးမြီအန္တာရာယ်တွေကို ကျနော်တို့ အသေအချာ အာရုံစိုက်ပါတယ်။ မနှစ်တုန်းကလည်း အစိုးရရဲ့ အကြွေးတွေနဲ့ ပတ်သက်လို့ ကျကျနန စာရင်းစစ် ကြည့်ရာမှာ အစိုးရအတွက် စိန်ခေါ်မှုတွေ ရှိနေတာကို တွေ့ခဲ့ရတာပါ။ စာရင်းစစ်က တွေ့တဲ့အတိုင်းလည်း အများပြည်သူ သိနိုင်အောင် ထုတ်ပြန်ခဲ့သလို၊ ရလဒ်တွေအရ ဆိုရင်တော့ အန္တာရာယ်ရှိတဲ့ အခြေအနေကိုလည်း ထိန်းထားနိုင်ပါတယ်။ GDP နဲ့ ကြွေးမြီပမာဏ အချိုးကျ တွက်ကြည့်ရင်လည်း နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ စိုးရိမ်စရာ အဆင့်ထက် နိမ့်နေတာကို တွေ့ရမှာပါ။ အကြွေးတွေ အများစုကတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ တွေ့ရပြီး အစိုးရအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အန္တာရာယ်မျိုးကိုလည်း ဂရုမစိုက်ပဲ နေမှာမဟုတ်ပါဘူး။”

ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ပြဿနာတွေ မပေါ်အောင် မမှန်မကန် လုပ်နေကြတဲ့ ဘဏ်လုပ်ငန်းတွေအပေါ် လုပ်ထုံးလုပ်နည်းတွေ တင်းကျပ်သွားမယ်လို့လည်း တရုတ်ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ အစိုးရကိုယ်တိုင် စီးပွားရေးမှာ အခက်အခဲတွေ ကြုံရမယ့် အခြေအနေတွေကို လက်ခံထားတဲ့အတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ဒီနှစ်မှာ ပိုတွေ့လာရလိမ့်မယ်လို့လည်း အများက မျှော်လင့်နေကြပါတယ်။ နှစ်ပေါင်း ၃၀ လောက် ၁၀% ကျော် စီးပွားရေး တိုးတက်မှုတွေကို တွန်းအားပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်ပကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ပုံစံတွေကနေ ပြုပြင်ပြောင်းလဲဖို့ အတွက်လည်း တရုတ်ခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ်မှာ ကြေညာထားကြတာပါ။

ဒါပေမဲ့လည်း လတ်တလော အခြေအနေမှာတော့ တရုတ်အစိုးရရဲ့ ဗဟိုဦးစီးစနစ်နဲ့ ကျင့်သုံးနေတဲ့ မူဝါဒတွေဟာ ရေရှည်အတွက် ထိရောက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်နဲ့ တရုတ်နိုင်ငံရေးရာ သုတေသနဌာနရဲ့ တွဲဖက်ပါမောက္ခ Willy Lam က သုံးသပ်ပါတယ်။
“စီးပွားရေး တည်ဆောက်ရာမှာ လွတ်လပ်ခွင့်ပေးဖို့နဲ့ လူမှုအသိုင်းအဝိုင်းက တက်တက်ကြွကြွ ပါဝင်ခွင့်ပေးရမယ့် နေရာမှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး အပေါ်ကနေ အောက်ကို ညွှန်ကြားတဲ့ ပုံစံမျိုးက ရေရှည်မှာ အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။”

တချိန်တည်းမှာပဲ တရုတ်နိုင်ငံ အနေနဲ့ ကုန်သွယ်မှုတွေမှာ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ အဓိက ကုန်သွယ်ဖက် တိုင်းပြည်တခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့လည်း အချေအတင် ဖြစ်စရာတွေ မကြာခန ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံသုံး ယွန်ငွေ တန်ဘိုးကို ရှိသင့်တာထက် လျှော့ချထားတဲ့အတွက် ကုန်သွယ်မှုတွေမှာ တဖက်စောင်းနင်း ဖြစ်နေရတယ်ဆိုပြီး အမေရိကန်က တရုတ်နိုင်ငံကို အပြစ်တင်နေတဲ့ အတွက်လည်း ဆက်ဆံရေး မပြေမလည် ဖြစ်နေရတာပါ။

ဒါပေမဲ့လည်း တရုတ်ဝန်ကြီးချုပ်ကတော့ ပြီးခဲ့တဲ့နှစ်ထဲ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဘရက်ခ် အိုဘားမား နဲ့ တရုတ်သမ္မတ Xi Jingping တို့ တွေ့ဆုံပြီး ၂ နိုင်ငံ အကျိုးစီးပွားအတွက် ဆွေးနွေးနိုင်ခဲ့တာတွေဟာ အလားအလာကောင်းတွေ အဖြစ်နဲ့ ပြောဆိုသွားခဲ့ပါတယ်။
“သဘောထား ကွဲပြားမှုတွေထက်၊ ဘုံအကျိုးစီးပွားက ပိုများပါတယ်။ ၂ နိုင်ငံကြား ကုန်သွယ်မှု ပမာဏဟာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ်ထဲ ဒေါ်လာ ၅၂၀ ဘီလီယံအထိ ရှိခဲ့တဲ့အတွက်၊ အကြမ်းဖျဉ်း တွက်ကြည့်မယ်ဆိုရင်ပဲ တနာရီကို ဒေါ်လာသန်း ၁၀၀ ရှိပါတယ်။ အခုဆိုရင် ၂ နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ရဖို့ ညှိနှိုင်းနေကြတာပါ။ ဒါကြောင့်လည်း တရုတ်-အမေရိကန် ဆက်ဆံရေးမှာ နောက်ထပ် အလားအလာကောင်းတွေ ပေါ်လာအောင် လုပ်နိုင်ပါတယ်။ ပညာရှိတဲ့သူက ဘုံအကျိုးစီးပွားကိုရှာပြီး ပညာမဲ့တဲ့ သူကတော့ သဘောထား မတိုက်ဆိုင်တာတွေကို အာရုံစိုက်တယ်ဆိုတဲ့ တရုတ်ဆိုရိုးစကား တခုလည်း ရှိပါတယ်။”

ကုန်သွယ်မှုတွေမှာ အချေအတင် ဖြစ်စရာတွေ ကြုံရလေ့ရှိတဲ့ ဥရောပသမဂ္ဂ (EU) နဲ့လည်း အပြန်အလှန် လေးစားမှုတွေ၊ ဆက်သွယ်မှုတွေနဲ့ ပြေလည်အောင် ဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံက လုပ်ငန်းတွေ အနေနဲ့လည်း လုပ်ရိုးလုပ်စဉ် ဈေးချိုချို ကုန်ပစ္စည်းတွေထက် အရည်အသွေးမှီတဲ့ အဆင့်မြင့် ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ ဝန်ဆန့်အောင်လုပ်ဖို့ လိုအပ်နေတာကိုလည်း အလေးထား ပြောသွားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ အရေးကြီးတဲ့ မူဝါဒတွေကို တံခါးပိတ် ဆွေးနွေးခဲ့ကြတဲ့ နှစ်ပတ်လည် ညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှတော့၊ စီးပွားရေးအတွက် စိန်ခေါ်မှုတွေအဖြစ် အကျင့်ပျက်ခြစားမှု ပြဿနာ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေရဲ့ နောက်ဆက်တွဲ ပတ်ဝန်းကျင် ညစ်ညမ်းမှု စတာတွေကို ထိန်းချုပ်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG