သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လူမျိုး ၁၀၀ ကျော် တရားမဝင် သစ်ခိုးမှုနဲ့ထောင်ကျ


သစ်ခိုးထုတ်လုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တရားရုံးကနေ ဒီကနေ့မှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားတွေကို ထောင်ဒဏ် တသက်တကျွန်းကနေ ထောင်ဒဏ် ၁၀ နှစ်အထိ ချခဲ့တယ်လို့လည်း အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို မြစ်ကြီးနားခရိုင် တရားရုံးကနေ ဒီကနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားစွဲဆိုခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို ခရိုင်တရားရုံးကနေ နှစ်သုတ်ခွဲပြီး ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေ ဦးခင်မောင် က အခုလို ပြောပါတယ်။

“၈၅ ယောက်က တမှုတည်းစွဲတယ်။ နောက် ၇၀ ဦးက တမှုတည်းကို စွဲတာ။ စစ်တဲ့ရုံးက ခရိုင်တရားရုံးနော် မြစ်ကြီးနားခရိုင်တရားရုံး ခရိုင်တရားသူကြီး ဦးစိုးစိုးနော်၊ အဲဒီခုံရုံးကနေပြီးတော့ ၈၅ ယောက်မှာ ၈၃ ယောက်က တသက်တကျွန်း၊ တသက်တကျွန်း ထောင်ဒဏ်ချတယ်။ အဲဒီမှာ လူငယ် တရားခံ ၂ ယောက်ကိုတော့ ထောင်ဒဏ် ၁၀ နှစ်ဆီ ချလိုက်တယ်။ ဒါက တခုံပေါ့နော်။ နောက်တခါ ဒုခရိုင်တရားသူကြီး ဦးညွှန့်ဆွေရဲ့ ခုံရုံးကနေပြီးတော့ တရားခံ ၇၀ ဦးပါတဲ့ တမှုရှိတယ်လေ။ အဲဒီကတော့ ၇၀ စလုံးကို ထောင်ဒဏ် အနှစ် ၂၀ ဆီ တသက်တကျွန်းပေါ့ဗျာ။ တသက်တကျွန်း ညီမျှခြင်းက ၂၀ ပါလေ။ တသက်တကျွန်း ထောင်ဒဏ်ချလိုက်တယ်နော်။”

စီရင်ချက်ချအပြီး အပြစ်ဒဏ်ခံရတဲ့သူတွေကို မြစ်ကြီးနားအကျဉ်းထောင်မှာ ပို့ဆောင်ထားတယ်လို့လည်း အမှုလိုက်ရှေ့နေ ဦးခင်မောင်က ပြောပါတယ်။ ၂၀၁၅ နှစ်ဆန်းပိုင်းတုန်းက ဖမ်းမိခဲ့တဲ့ တရာမဝင် သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃/၁ အရ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ အစား နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ အပက ၃ နဲ့ ဧပြီလကနေ စပြီး ရုံးတင်စစ်ဆေးခဲ့ပြီး ဒီကနေ့မှာ စီရင်ချက်ချခဲ့တာပါ။

အခုလို တရားမဝင် သစ်ခုတ်မှုတွေကြောင့် ကချင်ဒေသမှာ သစ်တောပြုန်းတီးမှုတွေ ရှိလာနေတယ်လို့ ကချင်ပြည်နယ် သဘာဝသယံဇာတ ပစ္စည်းထုတ်ယူသုံးစွဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအပေါ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ခေါင်းဆောင် ကိုစာဂျီ က အခုလို ပြောပါတယ်။

“အစိုးရအပါအဝင် အားလုံးပေါ့နော်။ ဒီဟာတွေ၊ သူတို့အဖွဲ့အစည်းက လူတွေအတွက် လုပ်တဲ့အတွက်ကြောင့်မို့လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကို သိပ်ဂရုမစိုက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ကချင်ပြည်နယ်က သစ်တောပိုင်းဆိုင်ရာက တော်တော်ကို ဆိုးရွားတဲ့ဟာ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဖိုးတန်သစ်တွေဆိုရင် ကုန်သွားသလောက်ဖြစ်နေတယ်။ တော်တော်ကို ရာသီဥတု ဖောက်ပြန်တာတွေ ဖြစ်လာနိုင်တယ်။ သစ်တောပြုန်းတီးမှုတွေ ဖြစ်လာနိုင်တယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေက မကောင်းတဲ့ဟာတွေ ဆိုးကျိုးတွေ အများကြီး ဖြစ်နိုင်တာပေါ့နော်။”

ကချင်ပြည်နယ်ဘက်မှာဆိုရင် တရုတ်နိုင်ငံသား သစ်လုပ်သူတွေအနေနဲ့ ဒေသခံ အာဏာပိုင်တွေအပြင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နားလည်မှုရယူပြီး တရားမဝင် သစ်ခိုးထုတ်လုပ်မှု ဖြစ်စဉ်တွေ အများအပြား ရှိနေတယ်လို့လည်း ဒေသခံ ကိုစာဂျီ က ပြောပါတယ်ခင်ဗျား။

XS
SM
MD
LG