သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာတဝှမ်း တရုတ်နှစ်သစ်ကူး ပွဲတော် ကျင်းပ

  • ဗွီအိုအေ (မြန်မာဌာန)

တရုတ်နှစ်သစ်ကူးပွဲတော်
တရုတ်နိုင်ငံဘေဂျင်းမြို့က ထောင်ပေါင်းများစွာသော တရုတ်လူမျိုးတွေ အပါအ၀င် အာရှတ၀ှမ်းမှာရှိတဲ့ တရုတ်လူမျိုးတွေဟာ ဘုံကျောင်းတွေကို သွားရောက် ဘုရားဝတ်ပြုပြီး ၊ သူတို့ရဲ့ ရိုးရာနှစ်သစ်ကူး ပထမဆုံးနေ့ကို ကြိုဆိုခဲ့ကြပါတယ်။ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ အဲဒီမှာ အမွေးတိုင်တွေထွန်း၊ ခေါင်းလောင်းတွေတီးပြီး၊ ကျန်းကျန်းမာမာနဲ့ ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက် ဆုတောင်းခဲ့ကြပါတယ်။

ဒါ့အပြင် အကြွေစေ့ကို အမွေးတိုင်ထွန်းထားတဲ့ ကြေးအိုးထဲကို ပစ်ထည့်တာတွေ ၊ ဘေဂျင်းမြို့ တံတားအောက်က ခေါင်းလောင်းကို အကြွေစေ့နဲ့ ပစ်တာတွေလုပ်ခဲ့ကြပါတယ်။ အဲဒီလိုလုပ် နိုင်ရင် ကံကောင်းခြင်းတွေ ရရှိလာလိမ့်မယ်လို့ ၀တ်ပြုဆုတောင်းသူတွေက ယုံကြည်နေကြပါတယ်။ အခုနှစ်ဟာ တရုတ်ရိုးရာအရ မြင်းနှစ်ဖြစ်တာကြောင့်၊ အခုနှစ်ဟာ ရှေ့ကိုတိုးတက်တဲ့နှစ်ဖြစ်သလို၊ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း အလျှင်အမြန်တိုးတက်တဲ့နှစ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

မိသားစုတွေအနေနဲ့ ငြိမ်းချမ်းလုံခြုံမှုရရှိပြီး၊ တိုင်းပြည်နဲ့ လူမှုအဖွဲ့အစည်းတွေ အတွက်လည်း ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ကမ္ဘာပေါ်က ရှေးအကျဆုံး တရုတ်တန်းတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က တရုတ်တန်းမှာဆိုရင်လည်း၊ မီးရှုးမီးပန်တွေပစ်ဖောက်တာတွေ ၊ တရုတ်ရိုးရာ နဂါးတွေအကတွေနဲ့ စည်းကာနေခဲ့ပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာလည်း ခြင်္သေ့အကတွေ ၀တ်ပြုဆုတောင်းတာတွေ နဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ကြာသာပတေးနေ့ညသန်းခေါင်မှာ ကျရောက်တဲ့ တရုတ် ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကမ္ဘာတ၀ှမ်းမှာရှိတဲ့ တရုတ်လူမျိုးတွေ ဆင်နွဲခဲ့ကြတာပါ။

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ဟာ သီတင်းတစ်ပတ်ကြာမြင့်ပြီးတော့ ၊ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ တရုတ်လူမျိုးသန်းပေါင်းများစွာဟာ သူတို့ရဲ့ မိသားစုဆွေမျိုးတွေနဲ့ တွေ့ဖို့အတွက် အခုလိုနှစ်သစ်ကူးကာလအတွင်း ခရီးသွားလာတာတွေ လုပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG