သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန်ကမ္ဘာအထည်ချုပ်စက်ရုံ ခေတ္တပိတ်လို့ အလုပ်သမားတွေ စိုးရိမ်


တရုတ်ပိုင် စိန်ကမ္ဘာစက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ် ၁၀ စက်တင်ဘာ ၂၀၁၃ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
တရုတ်ပိုင် စိန်ကမ္ဘာစက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ် ၁၀ စက်တင်ဘာ ၂၀၁၃ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက စိန်ကမ္ဘာအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံတွင်း အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်မရခြင်း၊ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဘက် သဘောတူစာချုပ်ပါ အချက်တွေကို ကျေနပ်မှု မရှိတာရယ်၊ ဆန္ဒပြမှုတွေ ပေါ်လာတိုင်း သဘောတူထားတဲ့ အချက်တွေကို အလုပ်ရှင်ဘက်က ချိုးဖောက်မှုတွေ လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်သမား ၅၀၀ ကျော်ဟာ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာပဲ သဘောတူညီချက် ရသွားခဲ့ပါတယ်။

သဘောတူညီချက် ရပြီးတဲ့နောက် ၁၁ ရက်နေ့မှာတော့ အလုပ်ရှင်ဘက်က အလုပ်ကို ပိတ်ထားကြောင်း၊ ရက်အကန့်အသတ်မရှိတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေလည်း အလုပ်သမားတွေကြားမှာ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ စိန်ကမ္ဘာအထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ စက်ရုံတွင်းမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်မရခြင်း၊ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဘက်သဘောတူစာချုပ်ပါ အချက်တွေနဲ့ပတ်သက်လို့ ညှိနှိုင်းလို့ မရတဲ့အတွက် စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး ဆန္ဒပြခဲ့ပြီးတဲ့နောက် အဲ့ဒီနေ့ညဘက်မှာပဲ အလုပ်ရှင်နဲ့ အလုပ်သမားအကြား သဘောတူညီမှုတွေကို မြို့နယ် အလုပ်သမား ညှိနှိုင်းပေးတဲ့ အာဏာပိုင်တွေရှေ့မှာ အချက် ၇ ချက်ကို သဘောတူ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

နောက်တနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၁ ရက် ဒီကနေ့မှာတော့ စက်ရုံကို ပိတ်ထားကြောင်း စာကပ်ထားတဲ့အတွက် အလုပ်သမားတွေဟာ အလုပ်ခွင်ထဲကို ဝင်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ လုပ်ငန်းတူစက်ရုံများသမဂ္ဂရဲ့ ဥက္ကဌ ကိုသက်နှင်းအောင် အခုလို ပြောပါတယ်။

“ပြေလည်တယ်ပေါ့နော်။ နှစ်ဦးသဘောတူ စာချုပ်တွေလည်း ချုပ်တယ်ခင်ဗျ။ ချုပ်ပြီးတော့ ကျနော်တို့ ၇ နာရီလောက်မှာ ကျနော်တို့ ဆန္ဒပြပွဲကို ရုပ်သိမ်းလိုက်တယ်ပေါ့နော်။ ဒီကနေ့မှာကျတော့ စက်ရုံက အလုပ်ပိတ်ပြီဆိုပြီးတော့ အလုပ်သမားတွေကို စက်ရုံထဲကို ဝင်ခွင့်မပေးဘူးပေါ့။ ဝင်ခွင့်မပေးဘဲနဲ့ ဟိုဟာကျမှ ဒီကနေ့ကျမှ စက်ရုံကို အပြီးပိတ်တော့မယ်ဆိုပြီးတော့ ကျနော်တို့ တိုင်းအလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနကနေပြီးတော့ ဖုန်းဆက်အကြောင်းကြားတာရှိတယ်ခင်ဗျ။”

အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကတော့ မနေ့က စိန်ကမ္ဘာစက်ရုံမှာ ပြေလည်မှုတွေ ရရှိကြောင်း တင်ပြတဲ့စာကို လက်ခံရရှိပြီးတဲ့နောက် စက်ရုံပိတ်တယ်ဆိုတာကို မသိရှိရသေးကြောင်း အခုလို ပြောပြပါတယ်။

“အခုထိ ဘာမှ သတင်းမပို့သေးဘူး။ ပိတ်လို့တော့ မရပါဘူး။ ဘယ်လိုလုပ်ပိတ်မလဲ။ အဓိပ္ပါယ်မရှိဘူးလေ ဒီဥစ္စာကတော့။ မောင်ဇာနည်ကျော်ပါ ၁၅၀ ကိုတဲ့ တောင်းဆိုခြင်းခံရတဲ့ စိန်ကမ္ဘာချည်မျှင်စက်ရုံတဲ့။ အောက်ပါ သဘောတူညီချက် အားလုံး ၇ ချက်စလုံး သူတို့ ရသွားပြီလေ။ အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းတိုင်ပင်ပြီးတော့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ - အလုပ်ရှင် အလုပ်သမား မျက်နှာစုံညီ လက်မှတ်ရေးထိုး ချုပ်ဆိုထားပါသည်။ ဒုတိယတချက်ကတော့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းအပေါ် နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်ခြင်းများနဲ့ ပတ်သက်၍ စီမံခန့်ခွဲသူ ဝန်ထမ်းအားလုံးအား ဝန်ထမ်းကတိပေးခြင်းများ ပြုလုပ်သွားမည်ဟု အလုပ်သမားများက သဘောတူကြပါသည်။ နောက် သုံးအချက်ကတော့ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့နဲ့ ချုပ်ဆိုထားသော ၃၀ ရက် ၆ လ ၂၀၁၃ ရက်စွဲပါ (င) အချက်မှာ အလုပ်ပိတ်ရက်မတိုင်ခင် ခွင့်ယူပါက နှစ်ရက်စာ မဖြတ်တောက်ဘူး။ လက်မှတ်ထိုးတဲ့သူက ဇာနည်ကျော်ပါ။ ဇာနည်ကျော် လက်မှတ်ထိုးတယ်။ အလုပ်ရှင်ဘက်ကတော့ အထွေထွေကိုယ်စားလှယ် ဦးတင်ဦး လက်မှတ်ထိုးထားပါတယ်။ ၇ ယောက်စလုံး လက်မှတ်ထိုးတာပေါ့ ဒီမှာတွေ့တာကတော့ပေါ့နော်။”

စိန်ကမ္ဘာစက်ရုံမှာ အမျိုးသမီး အလုပ်သမား ၄၀၀ ကျော်ရှိပြီး စက်ရုံပိတ်မယ်ဆိုတဲ့ သတင်းအတွက်ကြောင့် အလုပ်သမားတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ စိန်ကမ္ဘာ အလုပ်သမား သမဂ္ဂ ဥက္ကဌ ကိုဇာနည်ကျော် က ဆိုပါတယ်။

“အလုပ်သမားတွေကတော့ နည်းနည်းလေး တုန်လှုပ်တာပေါ့ဗျာ။ အတွေ့အကြုံကလည်း သိပ်မရှိသေးတဲ့အတွက်ကြောင့် ဒီ ကျနော်တို့က အကုန်လုံး တရုံလုံး ချိတ်ပိတ်ပြီးတော့ ဘယ်တော့မှ မဖွင့်တော့ပါဘူးဆိုပြီး ချိတ်ပိတ်ပြီးတော့ လျော်ကြေးပေးရင်တော့ တမျိုးပေါ့ဗျာ။ အခုဟာကကျတော့ သူတို့က စက်ရုံအလုပ်ပိတ်ပြီး ရက်အကန့်အသတ်မရှိဘူးလို့လည်း သူတို့က ရေးမထားဘူး။ ဘယ်နှစ်ရက်နေ့ကနေ ဘယ်နှစ်ရက်နေ့အထိ ပိတ်မယ်လို့လည်း ရေးမထားဘူး။ နည်းနည်းလေး တုန်လှုပ်ကြတာပေါ့ဗျာ။ ရက်အကန့်အသတ်နဲ့ ပိတ်မှာလားဆိုတာ အသေအချာ မထုတ်ပြန်သေးဘူးခင်ဗျ။”

ဒီနေ့ စက်ရုံပိတ်ထားခဲ့ပြီး နောက်ရက်တွေမှာ ဘယ်ရက်အထိ ဆက်ပိတ်နိုင်သလဲ ဆိုတာကို ဒီနေ့ စက်ရုံပိတ်ထားခဲ့ပြီး နောက်ရက်တွေမှာ ဘယ်ရက်အထိ ဆက်ပိတ်နိုင်သလဲဆိုတာကို စက်ရုံကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ စိန်ကမ္ဘာစက်ရုံက အလုပ်ရှင်များ မရှိတဲ့အတွက် မသိရှိကြောင်း ရုံးခန်းက ဝန်ထမ်းတဦးက ပြောကြားပါတယ်။

“သြော် ကျမတို့ ဒီ စက်ရုံရုံးခန်းကတော့ ဘာမှ မသိသေးပါဘူးရှင့်။”

စက်ရုံရုတ်တရက် ပိတ်လိုက်မယ်ဆိုရင်တော့ ဥပဒေနဲ့ မညီညွတ်ကြောင်း အလုပ်သမားတွေအနေနဲ့ ဥပဒေနည်းလမ်းအရ လုပ်ဆောင်ရမယ့် အချက်တွေကိုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေ ဦးဌေးက ပြောပြပါတယ်။

“ဥပဒေနဲ့ ဆန့်ကျင်ပြီး အလုပ်ပိတ်ခြင်း၊ ဥပဒေနဲ့ဆန့်ကျင်ပြီး သပိတ်မှောက်ခြင်းက ပုဒ်မ ၄၀ ထဲမှာ ပါပါတယ်ခင်ဗျ။ အဲ့ဒီကျတော့ ပုဒ်မ ၄၀ ထဲမှာ ဥပဒေနဲ့ဆန့်ကျင်ပြီး သပိတ်မှောက်ရင်လည်း အလုပ်သမားကို အရေးယူလို့ရသလို၊ ဥပဒေနဲ့ ဆန့်ကျင်ပြီး အလုပ်ပိတ်ရင်လည်း အလုပ်ရှင်ကိုလည်း အရေးယူလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့က အလုပ်ရှင်ကို အရေးယူဖို့ကျတော့ ခက်ပါတယ်။ အဲ့တော့ အလုပ်ပိတ်မယ်ဆိုရင် သူတို့ဘက်က ကြိုတင်အကြောင်းကြားပြီးမှ ပိတ်ရပါတယ်။ သက်ဆိုင်ရာဌာနကိုလည်း သူတို့က အကြောင်းကြားရပါတယ်ခင်ဗျ။ ဒီအလုပ်သမားတွေအနေနဲ့ အဲ့ဒါကို ဥပဒေနည်းလမ်းတကျ ဖြေရှင်းမယ်ဆိုရင်တော့ အလုပ်သမားရေးရာ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို စာတင်ဖို့ လိုပါတယ်။ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။”

မြန်မာနိုင်ငံမှာ အလုပ်သမားတွေအနေနဲ့ လုပ်အားခ လစာနည်းတဲ့ ပြဿနာအပြင် အချိန်ပိုခိုင်းစေမှု၊ လုပ်ငန်းခွင်အတွင်း ရရှိမယ့် အကျိုးခံစားခွင့်တွေ ဆုံးရှုံးမှု၊ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့် ဖိနှိပ်မှုတွေ ရှိနေသေးတဲ့အတွက် အလုပ်သမားသမဂ္ဂ တွေ ထူထောင်ပြီး သူတို့ရဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုဖို့တွေကို လုပ်လာကြတာပါ။

ဒီလိုလုပ်တဲ့အခါတိုင်းမှာ အလုပ်သမားတွေဘက်က အလုပ်ဖြုတ်ခံရခြင်း၊ တရားစွဲဆို ခြိမ်းခြောက်ခံရခြင်း၊ ထောင်ကျခြင်းတွေကို ရင်ဆိုင်နေရတာတွေ ရှိနေခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာလာတဲ့အချိန်မှာ အလုပ်သမားအခွင့်ရေးတွေ ရဖို့အတွက် တောင်းဆိုတဲ့အခါမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့ အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ပြောဆိုနေပါတယ်။
XS
SM
MD
LG