ဆီချွမ်းနယ် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လာဂန်မြို့နယ်တွင်းမှာ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေကို ဆန့်ကျင်တဲ့ တိဘက် ဆန္ဒပြသူတွေ ကြားထဲ ဗုဒ္ဓဟူးနေ့က တရုတ်အဓိကရုဏ်းရဲတပ်ဖွဲ့ဝင်တွေက ချီတက်ခဲ့ကြပါတယ်။
သတ္ထုတူးဖော်ရေးလုပ်ငန်းကြောင့်လို့ ယူဆရတဲ့ - အစုအလိုက်အပြုံ သေဆုံးနေတဲ့ ငါးအပုံကြီးဘေးမှာ ငိုကြွေးနေကြသူတွေကို တရုတ်ရဲတွေက မောင်းထုတ် ရိုက်နှက်နေတာကို လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင် အင်တာနက် အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတဦးကတော့ - သူတို့ကို နှိမ်နင်းဖို့ အတွက် နိုင်ငံတော် စစ်တပ်ကို စေလွှတ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ယန်ဇီမြစ်ရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ လီချူးမြစ်မှာ ငါးအမြောက်အမြား သေဆုံး တာကို မြင်ခဲ့ရပြီးနောက်ပိုင်း မေလ ၄ ရက်နေ့မှာ ဒေသခံတွေ စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်ပရောက် တိဘက်လှုပ်ရှားသူတွေကတော့ - အဲဒီဒေသမှာ တရုတ်ကုမ္ပဏီတခု ကနေ Lithium သတ္ထုတူးဖော်ရေး လုပ်ငန်းကို ပြန်လည် စတင်ခဲ့ပြီးနောက် ငါးတွေ အပြုံလိုက် သေဆုံးမှုဖြစ်ခဲ့တာလို့ အဲဒီဒေသမှာရှိနေတဲ့ သူတို့အဖွဲ့ဝင်တွေက ပြောဆိုကြောင်း ဗွီအိုအေ ကို ပြောပြခဲ့ပါတယ်။
ဒီလုပ်ငန်းကြောင့် ရေနေသတ္တ၀ါတွေ အစုလိုက် အပြုံလိုက် သေဆုံးမှုနဲ့အတူ ဒီလုပ်ငန်းကနေ လေထုညစ်ညမ်းမှု ဖြစ်ရတယ်ဆိုတာကို တရားဝင် စုံစမ်းတွေ့ရှိပြီးနောက်ပိုင်း - အဲဒီဒေသမှာ သတ္တုတူးဖော်မှုကို ၂၀၁၃ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။