သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Xi Jinping ရာသက်ပန် သမ္မတဖြစ်လို့ ထိုင်ဝမ်အပေါ် ဖိအားလျော့နိုင်


တရုတ်သမ္မတ Xi Jinping
တရုတ်သမ္မတ Xi Jinping

တရုတ်နိုင်ငံမှာ သမ္မတရာထူးသက်တမ်း အကန့်အသတ်မရှိတော့တဲ့အတွက် ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းအောင်လုပ်မယ်လို့ ကတိပြုထားတဲ့ သမ္မတ Xi Jinping အနေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်ပိုရသွားပါတယ်။ ဒါကြောင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ထိုင်ဝမ်အပေါ် လောလောဆယ် ဖိအားလျော့သွားနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်အစိုးရအပေါ် စစ်ရေး။ သံတမန်ရေးတို့နဲ့ ဖိအားပေးတဲ့တချိန်ထဲမှာ ထိုင်ဝမ်ပြည်သူတွေကို အပျော့နည်းနဲ့ဆွဲဆောင်ပြီး ပြန်လည်ပေါင်းစည်းနိုင်ဖို့ကြိုးစား လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ အပြည့်အစုံကို သတင်းထောက် Ralph Jennings ထိုင်ပေကပေးပို့တဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်နိုင်ငံမှာ သမ္မတရာထူးသက်တမ်းကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တဲ့အတွက် သမ္မတ Xi Jinping အနေနဲ့ ရာသက်ပန်သမ္မတာဝန်ကို ထမ်းဆောင်နိုင်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ တရုတ်တို့ဖက်က သူတို့ပိုင်နက်လို့ အမြဲသတ်မှတ်ထားတဲ့ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလကပဲ သမ္မတ Xi ကထပ်ပြီးကတိပြုခဲ့ပါတယ်။။ ဒီကိစ္စကို နောက်မျိုးဆက်သစ်ခေါင်းဆောင်တွေ တက်လာတဲ့အထိ မစောင့်သင့်ဘူးလို့ ပြောခဲ့တာပါ။ အခုတော့ သူ့အနေနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် နည်းလမ်းသစ်တွေနဲ့ချဉ်းကပ်ဖို့ အချိန်ပိုရသွားပါတယ်။ ပြန်လည်ပေါင်းစည်းနိုင်ဖို့ အလောတကြီး ဖိအားပေးတာမျိုးလုပ်တော့မှာမဟုတ်ဘူးလို့ ထိုင်ပေမြို့ အမျိုးသား Chengchi တက္ကသိုလ်ရဲ့ နိုင်ငံတကာရေးရာကောလိပ် ဒုတိယမဟာဌာနမှူး Huang Kwei-bo ကတွက်ပါတယ်။

"ဆွေးနွေးရေးစားပွဲဆီ ထိုင်ဝမ်ရောက်လာအောင် Xi ဖက်က တွန်းတွန်းတိုက်တိုက် မလုပ်တော့ဖို့ ဖြစ်နိုင်ခြေများပါတယ်။ တခြား ပြင်ပက သက်ရောက်လွှမ်းမိုးမှုတွေ မရှိဘူးဆိုရင် ထိုင်ဝမ်ကိစ္စကိုင်တွယ်ဖို့ သူ့အနေနဲ့ အချိန်အများကြီးရသွားပါတယ်။"

တရုတ်ပြည်တွင်းစစ်ပြီးသွားတဲ့ ၁၉၄၀ ပြည့်နှစ်ပိုင်းတွေကစလို့ ထိုင်ဝမ်နဲ့ တရုတ်တို့ သီးခြားအုပ်ချုပ်လာတာဖြစ်ပါတယ်။ ကွန်မြူနစ်တို့ကို စစ်ရှုံးပြီးနောက် Chiang Kai-shek ဦးဆောင်တဲ့အမျိုးသားရေးဝါဒီတွေက အနားကကျွန်းပေါ်မှာ အခြေစိုက်ခဲ့ကြရာက ထိုင်ဝမ်ဖြစ်လာတာပါ။ ထိုင်ဝမ်မှာ ၁၉၈၀ ပြည့်နှစ်ပိုင်းကစပြီး ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ပါတယ်။ ၂၀၁၅ ခုနှစ်ကလုပ်ခဲ့တဲ့ အစိုးရစစ်တမ်းတွေအရ ထိုင်ဝမ်ပြည်သူအများစုက အာဏာရှင်ဆန်တဲ့ တရုတ်နဲ့ ပေါင်းစည်းရေးကို မလိုလားကြပါဘူး။ တရုတ်သမ္မတ Xi ကတော့ ပြန်လည်ပေါင်းစည်းရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ဆောင်ရွက်မှာဖြစ်သလို ဟောင်ကောင်ကိုအုပ်ချုပ်သလို တနိုင်ငံ စနစ် ၂ မျိုးပုံစံနဲ့သွားမယ်လို့ ပြောထားပါတယ်။ သမ္မတ Xi အနေနဲ့ သမ္မတရာထူးအကန့်အသတ်မရှိတော့တဲ့အတွက် ပေါင်းစည်းရေးနည်းလမ်းတွေရှာဖို့ အချိန်ပိုရသွားတယ်လို့ ထိုင်ဝမ်အခြေစိုက် Chunghua 21st Century တတ်သိပညာရှင်များအဖွဲ့က အမှုဆောင်အရာရှိချုပ် Joanna Lei ကသုံးသပ်ပါတယ်။

"တကယ်လို့ သူ ၂၀၂၃ ခုနှစ်မှာ ရာထူးကနေဆင်းပေးရမယ်ဆိုရင် အချိန်သိပ်မရှိတော့တဲ့အတွက် ထိုင်ဝမ်ကိစ္စနဲ့ နောက်ဆုံးဆုံးဖြတ်ချက်အတွက် ကြီးကြီးမားမား ဖိအားပေးနိုင်ပါတယ်။ အခုတော့ ၂၀၂၃ မှာ သူ ရာထူးကဖယ်ပေးစရာမလိုတော့ဘူးဆိုတော့ ထိုင်ဝမ်နဲ့ပေါင်းစည်းဖို့ ရန်လိုတဲ့နည်း၊ စစ်ရေးနည်းတွေနဲ့ တိုက်ရိုက်ဖိအားပေးတာမျိုးတွေ လျော့သွားနိုင်ပါတယ်။"

ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်ဖက်က ပိုတိုးလုပ်လာနိုင်ပေမဲ့ သိသာတဲ့အပြောင်းအလဲတွေတော့ ရှိမှာမဟုတ်ဘူးလို့ လေ့လာသူတချို့ကလည်း သုံးသပ်ပါတယ်။ ထိုင်ဝမ်အစိုးရအပေါ် စစ်ရေး၊ သံတမန်ရေးနည်းတွေနဲ့ဆက်ပြီး ဖိအားပေးတဲ့ တချိန်ထဲမှာ ထိုင်ဝမ်ပြည်သူတွေကိုတော့ တရုတ်ကိုလိုလားလာအောင် စွဲဆောင်တဲ့နည်းကို ပိုလုပ်လာနိုင်တယ်လို့ ထိုင်ဝမ်လွှတ်တော်အမတ် ၁ ယောက်က ပြောပါတယ်။ ထိုင်ဝမ်ပြည်သူတွေ တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်နိုင်၊ ပညာသင်နိုင်၊ ရင်းနှီးမြှုပ်နှံနိုင်ရေး ပိုပြီးလွယ်ကူစေမယ့် ဆောင်ရွက်ချက် ၃၁ ချက်ကို တရုတ်က ဒီလဆန်းပိုင်းကပဲ ကြေညာခဲ့ပါတယ်။

Xi မတိုင်ခင်က သမ္မတဟောင်း Hu Jintao လက်ထက်ကလည်း စစ်ရေးအရခြိမ်းခြောက်ခဲ့ပြီး တဖက်မှာ ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ခဲ့ပါတယ်။ လက်ရှိထိုင်ဝမ်သမ္မတ Tsai Ing-wen ကတော့ ထိုင်ဝမ်ကို တရုတ်ကပိုင်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ သဘောထားကို လက်မခံသလို တရုတ်အစိုးရနဲ့လည်း ခပ်ခွာခွာနေခဲ့ပါတယ်။ သူသမ္မတတာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက တရုတ်နဲ့ ထိုင်ဝမ်ကြားမှာလည်း ဆွေးနွေးမှုတွေ မရှိခဲ့ပါဘူး။

တရုတ်ဖက်ကလည်း ထိုင်ဝမ်ကိုသွားတဲ့တရုတ်ခရီးသွားဧည့်သည်အရေအတွက်ကို ကန့်သတ်ခဲ့သလို ထိုင်ဝမ်ကျွန်းနားကို စစ်လေယာဉ်တွေ ပျံသန်းခဲ့ပါတယ်။ ကုလသမဂ္ဂမှာ ထိုင်ဝမ်အဖွဲ့ဝင်ဖြစ်ရေးကိုလည်း တားဆီးခဲ့ပါတယ်။ တရုတ် ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်သမ္မတ Xi အနေနဲ့ ထိုင်ဝမ်ပြည်သူကို ပျော့ပျောင်းတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်လာနိုင်တာက ထိုင်ဝမ်အစိုးရအတွက်တော့ မကောင်းဘူးလို့ ထိုင်ဝမ်မှာရှိတဲ့ Chang Jung Christian တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် Shane Lee ကမြင်ပါတယ်။

"ထိုင်ဝမ်ပြည်သူတွေကို ပျော့ပျောင်းတဲ့နည်းနဲ့ ဆွဲဆောင်ချဉ်းကပ်မယ်ဆိုရင် ထိုင်ဝမ်က လူတွေ၊ လူသားအရင်းအမြစ်တွေ၊ ငွေကြေးအရင်းအမြစ်တွေ အများကြီး တရုတ်ကို သွားကြမှာ သေချာတဲ့အတွက် ထိုင်ဝမ်အစိုးရအတွက် မကောင်းပါဘူး။ လူတွေအများကြီး တရုတ်ပြည်သွားပြီး အခြေချကြပါလိမ့်မယ်။"

တရုတ်သမ္မတရာထူးကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့် သုံးသပ်၊ တုံ့ပြန်သွားမယ် လို့ ထိုင်ဝမ်အစိုးရက ပြောခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေထဲက ဒီမိုကရေစီစနစ်ကျင့်သုံးလာတဲ့ ထိုင်ဝမ်မှာ သမ္မတကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ပြီး သမ္မတအနေနဲ့ ၈ နှစ်အထိ ရာထူးတာဝန် ထမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်နဲ့ နိုင်ငံရေးစနစ်ချင်းအတော်ကွာတဲ့ တရုတ်က ၁ နိုင်ငံ စနစ် ၂ ခုနဲ့ အုပ်ချုပ်ပါမယ်လို့ ပြောထားတဲ့အပေါ် သံသယရှိနေကြတဲ့ ထိုင်ဝမ်လူမျိုးတွေကတော့ ပေါင်းစည်းရေးကို လိုလိုလားလား မရှိကြဘူးလို့ လေ့လာသူတချို့ကလည်း ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG