သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ ဒေါ်စုတွေ့ဆုံ


တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။ (ဇွန် ၁၁၊ ၂၀၁၅)
တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။ (ဇွန် ၁၁၊ ၂၀၁၅)

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ထားသူ တရုတ်သမ္မတ ရှီကျင့်ပင် (Xi Jinping) နဲ့ တွေ့ဆုံပြီး တရုတ် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် တည်တံ့စေရေး အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်ရဲ့ စီးပွားရေးနဲ့ မြန်မာနဲ့ ဆက်ဆံရေးတို့ အပေါ်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်က အထောက်အကူ ဖြစ်မယ်လို့လည်း တရုတ် နိုင်ငံတွင်း မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ အသေးစိတ်ကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ပင် တို့ ဘေဂျင်းမြို့တော် က ပြည်သူ့ခန်းမကြီးမှာ ကြာသပတေးနေ့ နေ့ခင်းပိုင်း မှာ တွေ့ဆုံခဲ့ကြပါတယ်။

အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ မြန်မာတို့ သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့တာ ၆၅ နှစ်တိုင် ခဲ့သည့်တိုင် နှစ်နိုင်ငံကြား ရင်းနှီးမှုဟာ မပြောင်းလဲဘဲ ပူးပေါင်းဆောင်ရွက်မှုတွေကနေ အကျိုးအမြတ်တွေလည်း ခံစားခဲ့ကြ ရပြီး ဖြစ်ပြီးနှစ်နိုင်ငံကြား တည်ရှိနေတဲ့ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက် တည်တံ့ သွားစေချင်တဲ့ အကြောင်း တရုတ်သမ္မတ က ဒေါ်အောင်ဆန်းစုကြည်ကိုပြောဆိုခဲ့ပါတယ်။

မြန်မာပြည်တွင်း အခြေအနေတွေ ဘယ်လိုဘဲ အပြောင်းအလဲတွေ ရှိပါစေ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို မြန်မာဘက်က အစဉ်တစိုက် ထိန်းသိမ်းဆောင်ရွက်မယ်လို့ တရုတ်ဘက်က မျှော်လင့် ယုံကြည်ထားတဲ့ အကြောင်းလည်း ပြောဆိုပြီး တရုတ်ဘက်ကတော့ မြန်မာနိုင်ငံနဲ့ ဗျျူဟာမြောက် ရေရှည် ဆက်ဆံရေးကို အမြဲရှေးရှု ဆောင်ရွက်နေတဲ့ အကြောင်းလည်း တရုတ် သမ္မတက ပြောဆိုခဲ့ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတို့ကြားမှာ လည်း အမြင်ချင်း ဖလှယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မြန်မြန် ဆန်ဆန် တိုးတက် လာခဲ့ပြီး အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရုတ်နိုင်ငံ ကို ရောက်ရှိ လာခဲ့တဲ့ အပေါ် တရုတ်နိုင်ငံနဲ့ တရုတ် ကွန်မြူနစ် ပါတီတို့ အပေါ် ပိုပြီး နက်နက် ရှိုင်းရှိုင်း နားလည်လာပြီး နှစ်နိုင်ငံ အကြား၊ ပါတီ နှစ်ရပ် အကြား ဆက်ဆံရေးပိုပြီး ခိုင်မာလာဖို့လည်း သူ့အနေနဲ့ မျှော်လင့်ပါကြောင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူး သမ္မတ ရှီကျင့်ပင်က ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီနှစ်ရပ်ကြား နဲ့ နှစ်နိုင်ငံ ပြည်သူတွေကြား ဆက်ဆံရေး ပိုပြီး ခိုင်မာလာရေး အတွက် ရှေ့တိုး ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း တုန့်ပြန်ပြောဆိုခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာန CCTV က ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ တရုတ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားတဲ့ တရုတ် သမ္မတ ရှိကျင့်ပင်နဲ့ တွေ့ဆုံပြီး နောက်ထပ်လည်း ပါတီနဲ့ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟောင်းလီက ပြောဆိုခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန အကြီးအကဲ Wang Jiarui နဲ့ မနေ့က တွေ့ဆုံပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ပါတီကြား ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေရေး နှစ်ဘက်တို့ အမြင်တွေကို ဖလှယ်ခဲ့ကြတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ် အပေါ်မှာ တရုတ်ပြည်သူတွေကြား မှာလည်း မျှော်လင့်ချက်တွေ ရှိနေတယ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီက ဖိုးသံချောင်းက ပြောပါတယ်။

" တရုတ်ပြည်တွင်းက သတင်းတွေထဲမှာတော့ ဒီခရီးဟာ ထူးခြားတယ်ပေါ့လေ။ တရုတ်ပြည်ရဲ့ ဗမာပြည်ထဲမှာ စီးပွားရေး လုပ်ငန်း အပါအဝင် တခြား တရုတ်ပြည်နဲ့ ဗမာပြည်သူတွေရဲ့နီးစပ်အောင် ချဉ်းကပ်တဲ့နေရာတွေမှာ အထောက်အကူဖြစ် လိမ့်မယ်လို့ သူတို့က ယူဆကြပါတယ်။"

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်ကြောင့်တော့ မြန်မာပြည်သူတွေ အတွက် အကျိုးအမြတ် ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုသေးတယ်လို့လည်း ဖိုးသံချောင်းက ရှုမြင်ပါတယ်။

"ကျနော့်အမြင်ကတော့ ဒီဟာက တရုတ်ပါတီအနေနဲ့ ဗမာပြည်ထဲမှာ သူ့ရဲ့ပုံရိပ်ကောင်းအောင် ကြိုးစားမှု တခုလို့ပဲထင်ပါတယ်။ ဗမာပြည်သူတွေအတွက် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ အတွက် ထူးခြားတဲ့ သက်ရောက်မှုရှိမလားလို့ ဆိုတော့ ကျနော်ထင်တယ် သိပ်များများစားစား မရှိနိုင်ဘူးလို့ ထင်တယ်။ စောင့်ကြည့်ကြသေးတာပေါ့လို့ပဲ ကျနော်ကတော့ ပြောချင်တယ်။"

မြန်မာနိုင်ငံတွင်းက တရုတ်တို့ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း တချို့ ဆိုင်းငံ့ခံထားရတဲ့ အခြေအနေ၊ နောက် တရုတ်နယ်စပ်ဒေသ တလျှောက် မြန်မာဘက်ခြမ်းမှာ စစ်ရေး တင်းမာနေချိန်နဲ့ ဒီနှစ် နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို တရုတ်ပြည်သူ့ကွန်မြူနစ် ပါတီက ဖိတ်ခေါ်တွေ့ဆုံခဲ့တဲ့ အပေါ် ကမ္ဘာတဝန်းမှာ အတော်လေး စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ ၅ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဖြိုးဇေယျာသော်တို့ လိုက်ပါသွားကြပါတယ်။

XS
SM
MD
LG