တရုတ်နိုင်ငံရဲ့စီးပွားရေး တိုးတက်နှုန်းနှေးကွေးနေတာ စိုးရိမ်စရာမဟုတ်ပါဘူးလို့ အာရှ Pacific စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ တရုတ်သမ္မတ Xi Jinping ကပြောကြားသွားပါတယ်။
တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီး ထဲထဲဝင်ဝင်လုပ်ဖို့ သန္နိဌာန်ချထားပြီး စီးပွားရေးမှာ ဈေးကွက်ရဲ့ အရေးပါ၊ သက်ရောက်မှုပိုရှိအောင် လုပ်နေပါတယ်လို့ တရုတ်သမ္မတက နိုင်ငံခေါင်းဆောင်တွေ၊ စီးပွားရေးမှာ ဦးဆောင်နေကြသူတွေတက်ရောက်နေတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒီကနေ့ ပြောကြားခဲ့ပါတယ်။ တတိယ ၄ လပတ်မှာ တရုတ်ရဲ့ စီးပွားရေးတိုးတက်နှုန်း ကျဆင်းခဲ့ပြီး ၂၀၀၈-၂၀၀၉ ကမ္ဘာ့စီးပွားရေးပြဿနာတွေရှိခဲ့ချိန်ကတည်းကဆိုရင် တိုးတက်နှုန်းအနိမ့်ဆုံးကို ရောက်ခဲ့ပါတယ်။ ဒေသတွင်းမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီမှုတခုရရှိနိုင်ရေး ပိုဆောင်ရွက်ကြဖို့ပြောကြားသွားသလို ဒေသတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေါ်လာ ဘီလျံ ၄၀ သုံးစွဲမယ့်အစီအစဉ်တွေကိုလည်း တရုတ်သမ္မတက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံ မပါတဲ့ ၁၂ နိုင်ငံ Pacific ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်နိုင်ဖို့ အမေရိကန်အစိုးရက ကြိုးစားမှာဖြစ်တယ်လို့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် Michael Froman ကဒီကနေ့မှာပဲ ပြောပါတယ်။ သမ္မအိုဘားမားအနေနဲ့ အမေရိကန်အစိုးရရဲ့ အာရုံစိုက်မှုအသစ်နဲ့ တခြားစိုးရိမ်နေကြတဲ့ ကိစ္စတွေကို အာရှ Pacific ဒေသခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
APEC ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ Washington DC ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ သမ္မတအိုဘားမားဟာ ဘေဂျင်းမှာကျင်းပနေတဲ့ APEC ထိပ်သီးစည်းဝေးပွဲတက်ရောက်ပြီးရင် နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ အာဆီယံ အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ဖို့ မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိနေမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံမှာဖြစ်သလို အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ အပြန်အလှန် အမေးအဖြေလုပ်မယ့် Town hall တွေ့ဆုံပွဲတခုကို ရန်ကုန်မြို့မှာ တက်ရောက်မှာ ဖြစ်ပါတယ်။