သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မြန်မာ သမ္မတနှစ်ဦး နယ်စပ် လုံခြုံရေး ဆွေးနွေး


မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ Xi Jinping တွေ့ဆုံ။ (စက်တင်ဘာ ၄၊ ၂၀၁၅)
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ Xi Jinping တွေ့ဆုံ။ (စက်တင်ဘာ ၄၊ ၂၀၁၅)

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ဖြစ်နေတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းပြီး ကုန်သွယ်မှုတွေ အခုထက် ပိုတိုးတက် လာစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံ မှာ ကျင်းပတဲ့ ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခြင်း အနှစ် ၇၀ ပြည့် အခမ်းအနားကို သမ္မတဦးသိန်းစိန် ပီကင်းမြို့မှာ စက်တင်ဘာ ၃ ရက်နေ့က သွားတက်ခဲ့ပြီး ဒီကနေ့မှာတော့ တရုတ်-မြန်မာ သမ္မတနှစ်ဦး သီးသန့်တွေ့ဆုံ ဆွေးနွေးကြ တာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ် ။

တရုတ်နိုင်ငံ ပီကင်းမြို့တော် တီယန်နမင် ရင်ပြင်မှာ မနေ့က ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အတွင်း ဖက်ဆစ်ဂျပန်ကို အောင်နိုင်ခြင်း အနှစ် ၇၀ ပြည့် အခမ်းအနားကို သမ္မတဦးသိန်းစိန် သွားတက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခန်းအနားကို အခြားနိုင်ငံက နိုင်ငံတော်အကြီးအကဲ (၃၀) ဝန်းကျင်လဲ တက်ရောက်ကြ တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ပြီး ကုန်သွယ်မှု ပိုတိုးတက် လာဖို့ ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းကျော်က ဗွီအိုအေကို ပြောပါတယ်။

"အဓိက ကတော့ နှစ်ဘက်စလုံးက နယ်စပ်လုံခြုံရေးမှာ ပိုပြီးတော့မှ စနစ်တကျဖြစ်ဖို့ရယ် ငြိမ်းချမ်းရေး ရရှိဖို့ရယ် ကျနော်တို့ နှစ်နိုင်ငံကြား ကုန်သွယ်မှု လုပ်ငန်းက ငြိမ်းချမ်းရေး ရှိမှသာလျင် ဖြစ်မှာကိုး။ ဖြစ်မယ့်အတွက် ဒီနယ်စပ် နှစ်ဘက် အကြားမှာ ဒါလုံခြုံရေးကိစ္စ ကတော့ ဒီဥစ္စာက ဆွေးနွေးတယ် ဆိုတာ ကတော့ ဆွေးနွေးရမယ့် ကိစ္စဖြစ်တဲ့ အတွက် ကျနော် ထင်တယ် ရတဲ့ အချိန်လေးမှာ ဆွေးနွေးကြတာပေါ့။ "

ဆွေးနွေးပွဲရဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ လောလောဆယ် မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံး မသတ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံဟာ Failed State ကျဆုံး နိုင်ငံတော် အဖြစ်ကို ရောက်သွားမှာဖြစ်သလို အဲဒီရဲ့အကျိုးဆက်အဖြစ် တရုတ်ပြည်ကိုပါ လာပြီး ရိုက်ခတ်မှာဖြစ်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံကို ရောက်မလာခင် အခုရက်ပိုင်းအတွင်း ရေးသားဖေါ်ပြကြကြောင်း ယူနန်ပြည်နယ်မှာရှိတဲ့ တရုတ်မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

"ဗမာပြည်ရဲ့ အခုအနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်ဟာ ဗမာ့တပ်မတော် ကလည်း ဟိုး နယ်စွန်နယ်ဖျား အထိ သူအားသာတဲ့ သမားရိုးကျ လက်နက်တွေ သယ်မလာနိုင်ဘူး။ တခါ နယ်စွန်နယ်ဖျားမှာ ရှိတဲ့ လူမျိုးစု တိုက်ခိုက်နေတဲ့ သူတွေကလည်း မြို့ပြအထိ ဆင်းပြီးတော့ ဗမာ့တပ်မတော်ကို မတိုက်နိုင်ဘူး။ ဒီအတိုင်းချည်း ဆက်သွားနေရင်တော့ ဒီပြည်တွင်းစစ်က မရပ်နိုင်ဘူး တဲ့။ နှစ်ခြောက်ဆယ် မရပ်နိုင်လို့ရှိရင်တော့ ဗမာပြည်ဟာ မကြာခင် ကျဆုံးနိုင်ငံကြီးဖြစ်နိုင် တာပေါ့။ အဲ့တော့ ဖြစ်ရတဲ့အကြောင်းရင်းကတဲ့ ပြည်မ က ဗမာတွေက လူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ခွဲဝေ မပေးလို့ဖြစ်တာ။ ဗမာနိုင်ငံက တကယ်လို့များ ကျဆုံး နိုင်ငံဖြစ်သွားရင် ကျန်တဲ့နိုင်ငံတွေကိုပါ ဆွဲခေါ်သွားနိုင်တယ်တဲ့။

တရုတ်ပြည်နဲ့လည်း နယ်စပ်မျဉ်းက အကြီးကြီးရှိတယ်။ အရှည်ကြီးရှိတဲ့ အတွက်ကြောင့် ဗမာပြည်ရဲ့ မတည်မငြိမ်ဖြစ်မှုဟာ တရုတ်ပြည်ကို လည်း ဂယက်ရိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ ဗမာပြည်ရဲ့ ဒီပြည်တွင်းရေး ကိစ္စကို ပြည်တွင်းရေး သပ်သပ် သဘောမထားပဲနဲ့ ကုလသမဂ္ဂလိုဟာမျိုးက ဝင်ရောက်ကူညီပြီးတော့ အပြုသဘောဆောင်တဲ့ ဖြေရှင်းပေးသင့်ပါတယ်လို့ အဲ့လိုရေးထားတာတွေ တွေ့ရပါတယ်။"

တရုတ်နိုင်ငံဖက်က လိုလားနေသလို မြန်မာအစိုးရကလဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး NCA စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ မသေချာ သေးပဲ ဖြစ်နေပါတယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးကြမယ့် အခြေအနေနဲ့ ပတ်သက် လို့ ဒေါက်တာလှကျော်ဇောက အခုလို သုံးသပ်ပါတယ်။

"အဲ့တော့ အပစ်အခတ်ရပ်စဲရေး အဖွဲ့အားလုံးပါဝင်ပြီး ထိုးလိုက်နိုင်တာက အကောင်းဆုံးပဲ ဖြစ်တယ်။ ဒီလိုမထိုးနိုင်ပဲနဲ့ တချို့တဝက်ပဲ ထိုးနိုင်တယ်ပဲထား။ အရင်တုန်းက ကျမတို့ ပါတီ ပျက်သွားပြီးတော့ သူတို့လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မျိုးနဲ့တော့ အဆင့်သာနိုင်တယ်။ အခုဟာက အသိသက်သေ အဖြစ်နဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ နိုင်ငံခြားကပါ ဝင်လာတာဖြစ်တော့ ဦးသိန်းစိန်အစိုးရပဲဖြစ်ဖြစ် သူနဲ့ပေါင်းတဲ့ ဗမာ့တပ်မတော်ပဲဖြစ်ဖြစ် ဒီဟာကို အသိအမှတ်မပြုချင်လည်း မရဘူး။ ဒါပေမဲ့ အခုကြည့်ရတာတော့ သိပ်ဖြစ်နိုင်ဖို့ မလွယ်ဘူး။ တချို့အဖွဲ့တွေက ခွဲပြီးတော့ ထိုးလိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါကလည်း သိပ်အဆိုးကြီးလို့ ကျမတို့ မြင်လို့မရပါဘူး။"

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်နားမှာ မြန်မာ့တပ်မတော်ဟာကိုးကန့်တပ်ဖွဲ့ ၊ ကချင် ကေအိုင်အို တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခနဖြစ်ခဲ့ သလို မြန်မာ့ တပ်မတော်က ပစ်ခတ်မှုကြောင့် လက်နက်ကျဉ်တွေ တရုတ်နိုင်ငံထဲကျပြီး တရုတ်နိုင်ငံသားတချို့သေဆုံးခဲ့ရပါတယ်။ ဒီလို နယ်စပ်မတည်မငြိမ်ဖြစ်ခဲ့တာကြောင့် တရုတ်စစ်တပ်ကလဲ နယ်စပ်မှာ စစ်အင်အားတိုးချပြီး လုံခြုံရေးယူခဲ့တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG