သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ အမေရိကန်ဆိုက်ရောက်


တရုတ်သမ္မတ ရှီကျင့်ပင်ဟာ အမေရိကန်ခရီးစဉ်ကို စတင်ခဲ့ရာမှာ အင်္ဂါနေ့က ဝါရှင်တန်ပြည်နယ်၊ Seattle မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်ဟာ Seattle မြို့မှာ Boeing နဲ့ Microsoft တို့ အပါအဝင် အဲဒီဒေသမှာရှိတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေရှင်နဲ့ တွေ့ဆုံပြီး၊ ကုန်သွယ်ရေး၊ ဆိုဒ်ဘာလုံခြုံရေးနဲ့ နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်သမ္မတဟာ အင်္ဂါနေ့ညနေပိုင်းမှာ မူဝါဒပိုင်းဆိုင်ရာ မိန့်ခွန်းတခု ပြောကြားဖို့လည်း ရှိနေပါတယ်။

Wall Street ဂျာနယ်ရဲ့မေးခွန်းတွေကို တရုတ်သမ္မတက ပြန်လည်ဖြေကြားခဲ့တာကို အင်္ဂါနေ့က ဖော်ပြခဲ့ရာမှာ၊ သမ္မတ ရှီ က သူ့အစိုးရအနေနဲ့ ဆိုဒ်ဘာလုံခြုံရေးကို အလေးအနက်ထားနေကြောင်း၊ ကွန်ပြူတာ ဖောက်ထွင်းသူတွေက စီးပွားရေးလျို့ဝှက်ချက်တွေကို ခိုးယူတာ အပါအဝင် ဆိုဒ်ဘာ ရာဇဝတ်မှုအားလုံးကို ဥပဒေနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေအရ အရေးယူသင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ စီးပွားရေး လျှို့ဝှက်ချက်တွေ ခိုးယူတာမျိုးကို လုပ်ဆောင်ခဲ့ခြင်း မရှိသလို၊ တရုတ်ကုမ္ပဏီတွေကို ဒီလို အပြုအမူမျိုး လုပ်ဆောင်ဖို့ အားပေးတိုက်တွန်းခဲ့တာမျိုးလည်း မရှိဘူးလို့ ရှီက ရေးသားခဲ့ပြီး၊ တရုတ်နိုင်ငံအနေနဲ့ ဆိုဒ်ဘာလုံခြုံရေးကိစ္စမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ ကိုယ်တိုင်လည်း သတင်းအချက်အလက် ခိုးယူတဲ့လုပ်ရပ်ရဲ့ သားကောင်ဖြစ်ခဲ့ပြီး၊ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ခိုးယူရာမှာ ပါဝင်ခဲ့တယ် ဆိုတာကိုလည်း တရုတ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။

လာမယ့် သောကြာနေ့မှာ တရုတ်ခေါင်းဆောင်ရဲ့ အိမ်ဖြူတော်ကို လည်ပတ်တဲ့ ခရီးစဉ်အတွင်း ရှီ နဲ့ သမ္မတ အိုဘားမားတို့ တွေ့ဆုံရာမှာ ဆိုဒ်ဘာသူလျှိုပြုလုပ်မှုနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG