(Zawgyi/Unicode)
တရုတ်မြန်မာဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့ တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။ နေပြည်တော်ကိုရောက်လာတဲ့ တရုတ်သမ္မတ Xi ကို ဒုသမ္မတ ဦးမြင့်ဆွေက လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်တော့ တရုတ်သမ္မတကို မြန်မာသမ္မတဦးဝင်းမြင့်က သမ္မတအိမ်တော်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုလက်ခံခဲ့ပါတယ်။
ဒီကနေ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အာင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်ပြီး နက်ဖြန်စနေနေ့မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ Xi တွေ့ဆုံမှာဖြစ်ပါတယ်။ နိုင်ငံတော်ညစာစားပွဲအခမ်းအနားကျရင် တိုင်းရင်းသားခေါင်းဆောင်တွေတက်ရောက်ဖို့လည်း တရုတ်သံရုံးက ဖိတ်ကြားထားပါတယ်။
တရုတ်သမ္မတရဲ့ခရီးစဉ်အတွင်း ခေတ်သစ်ပိုးလမ်းမကြီးဆိုင်ရာစီမံကိန်းအတွက် တရုတ်နဲ့ မြန်မာကြား ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေ လက်မှတ်ထိုးဖို့ စီစဉ်ထားပါတယ်။ တရုတ် မြန်မာဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် တရုတ် မြန်မာ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးအစီအစဉ်ကို မိတ်ဆက်ပွဲအပါအဝင် အထိမ်းအမှတ်အခမ်းအနားတွေကိုလည်း တရုတ်သမ္မတ Xi Jinping တက်ရောက်ဖို့ရှိပါတယ်။