သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချစ်သမီးအမှု ထောင်ဒဏ် ၆ လ ချမှတ်


မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ် (photo- Robert Sann Aung Facebook)
မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ် (photo- Robert Sann Aung Facebook)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်ထားတဲ့ဓါတ်ပုံ မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ဒီလို အရေးယူလိုက်တာဟာ လွတ်လပ်စွာရေးသားထုတ်ဖော်ပိုင်ခွင့်ကို ထိခိုက်တယ်လို့ ချစ်သမီးရဲ့ အကျိုးဆောင်ရှေ့နေက သုံးသပ်ပါတယ်။ မိဘတွေအနေနဲ့ကတော့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သရော်ထားတဲ့ ဓါတ်ပုံတွေ Facebook လူမှှုကွန်ယက်မှာ ဖော်ပြထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ၈ ကြိမ် တိုင်တိုင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ မအူပင် တရားရုံးကနေ ထောင်ဒဏ် ၆ လချမှတ်ခဲ့တယ်လို့ မချောစန္ဒီထွန်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို ပြောပါတယ်။

“၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အရ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးကျော်ထင်ကနေပြီးတော့ တရားလိုလုပ်ပြီးတော့ အမှုဖွင့်လှစ်တိုင်ကြားမှုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ ထောင်ဒဏ် ၆ လကို မြို့နယ်တရားသူကြီး ဒေါ်လှမြတ်မွန်က အမိန့်ချမှတ်လိုက်ပါတယ်။”

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးပြီး အချုပ်နဲ့ ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ စွဲဆိုချက် ခိုင်လုံမှုမရှိတာကြောင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို တရားရှင်လွှတ်ပေးခဲ့ပါတယ်။

ဒီကနေ့ချမှတ်လိုက်တဲ့ အမိန့်ဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို ထိခိုက်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို သုံးသပ်လိုက်ပါတယ်။

“ကျနော်တို့ စိတ်မကောင်းတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ တို့အရ Freedom of Expression နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ မှာ ထိခိုက်တယ်လို့ ကျနော်တို့က ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ဘာသာရေးဆိုင်ရာ ထိခိုက်စေမှုလည်းမဟုတ်ဘူး။ အခုဟာက ဒါသူ့ရဲ့အမြင်ကို သူတင်တဲ့ ၊ တဦးတယောက်က တင်သော်လည်း တင်တဲ့ပုံ အရပြောမယ်ဆိုရင်တော့ ဒီဥစ္စာပေါ်မှာ အရေးယူလောက်တဲ့ ဥပဒေပြဿနာမရှိဘူးလို့ ထင်တယ်။”

တရားစီရင်မှုအပြီးမှာ မချောစန္ဒီထွန်းက သူ့အနေနဲ့ ဒီလို ပြစ်ဒဏ်ချမှတ်ခံရသလို ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရေးသားခဲ့တဲ့ ဝန်ကြီးဦးရဲထွဋ်ရဲ့ဇနီးကိုလည်း အရေးယူစေချင်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မချောစန္ဒီထွန်းရဲ့ မိခင် ဒေါ်အိစံကတော့ ဒီနေ့ချမှတ်လိုက်တဲ့အမိန့်ကို အခုလို သုံးသပ်လိုက်ပါတယ်။

“စပြီးတော့ ဖမ်းကတည်းကိုက ဒီကလေးကို မတရားအမှုဆင်ပြီးတော့ ဖမ်းထားတယ်ရှင့်။ နောက်ပြီးတော့ ထောင်ချရာမှာလည်း အန်တီတို့အနေနဲ့က ၃ နှစ်ဆိုပြီး မှန်းထားတယ်လေ။ ထောင်ချတာ အခု ဒီကလေးပေါ်မှာလည်း မတရားရာ ကျမယ်။ ချက်ချင်းပြန်လွှတ်ပေးရင်လည်း သူတို့အနေနဲ့က အရှက်ကွဲမယ်။ ဒါကြောင့်မို့လို့ အခုဖမ်းထားတာဆိုရင် အခု ၃ လ ပြည့်ခါနီးပြီပေါ့နော်။ ၂ လကျော်ကျော်ရှိသွားပြီ ။ ထောင် ၆ လ ဆိုတော့ ကြားကာလကို ချလိုက်တယ်လို့ အန်တီထင်တယ်။”

တရားရုံးက စီရင်ချက်ချခဲ့တဲ့ ထောင်ဒဏ် ၆ လမှာ ချုပ်ရက် ခံစားခွင့်ရရှိတာကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ဒီနေ့အမိန့်ချတဲ့နေ့အထိ ၂ လကျော် ထိန်းသိမ်းခံခဲ့ရပြီး ဖြစ်တဲ့အတွက် နောက်ထပ် ၃ လ ကျော် ဆက်လက် ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

အယူခံဝင်ဖို့ မသေချာသေးပေမယ့် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ဖို့ မျှော်လင့်တယ်လို့ မိခင် ဒေါ်အိစံက အခုလို ပြောပါတယ်။

“အယူခံဝင်ဖို့ကိုလည်းအန်တီတို့က တော်တော်စဉ်းစားရတယ်။ လွတ်လပ်ရေးနေ့ လွှတ်ငြိမ်းချမ်းသာခွင့်အထဲမှာလည်း အန်တီတို့ မိဘတွေအနေနဲ့က မျှော်လင့်တယ်လေ။ နောက်ပြီးတော့ အယူခံဝင်ဖို့တင်မယ်ဆိုရင်လည်း ရုံးအဆင့်ဆင့် သွားတာ။ အဲဒါတွေကကြာတယ်။ တလခွဲကျော်ကျော်လောက်ကြာမယ်ဆိုတော့ အန်တီတို့ လွတ်ချိန်နဲ့က အရမ်းကပ်တာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို အန်တီတို့ချိန်နေပါတယ်။”

၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရသူတွေအနက် မချောစန္ဒီထွန်းရဲ့ အမှုကို ပထမဦးဆုံးအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အလားတူ ပုဒ်မ ၆၆ဃ နဲ့ တရားရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးပက်ထရစ်ခွန်ဂျာလီကိုလည်း ဒီသီတင်းပတ်အတွင်းမှာ စွဲချက်တင်သင့် မတင်သင့် ရန်ကုန်မြို့ လှိုင်မြို့နယ် တရားရုံးကနေ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG