သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆုတောင်းသံလွှမ်းတဲ့ ၂၀၁၄ ခရစ်စမတ်


ဒီလို ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ မွေးဖွားလာတဲ့ သခင်ယေရှုခရစ်တော်ကို ကြိုဆိုတဲ့အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကနေ ခရစ္စမတ်ပွဲတော်ကို ကမ္ဘာတဝှမ်းမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဒီနှစ်ခရစ္စမတ်ရဲ့ ထူးခြားချက် ကတော့ နေရာ တော်တော်များများမှာ ငြိမ်းချမ်းရေး ဆုတောင်းသံတွေ လွှမ်းမိုးနေတာပါ။ Vatican City က St. Peter ရင်ပြင်မှာ စုဝေးရောက် ရှိနေကြတဲ့ ထောင်ပေါင်းများစွာသောသူတွေနဲ့ ကမ္ဘာတဝှမ်း ရုပ်မြင်သံကြားတွေ ကနေ ကြည့်ရှုနေကြသူတွေအားလုံးကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis) က ကောင်းချီးမေတ္တာ ပို့ခဲ့သလို၊ အကျင့်ပျက်ခြစားမှု ဒုစရိုက်တွေထက် ငြိမ်းချမ်းရေးက ပိုပြီး အားကောင်းတယ်ဆိုတဲ့ ဘုရားသခင်ရဲ့ ဟောကြားချက်ကို မမေ့ကြဖို့ ကမ္ဘာတဝှမ်းက ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေကို တိုက်တွန်း ဟောကြားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိကြပြီး - ယေရှုခရစ်တော် မွေးဖွားရာနေရာလို့ ခရစ်ယာန်တွေ ယုံကြည်ထား ကြတဲ့ အရှေ့အလယ်ပိုင်း - ဂါဇာကမ်းမြှောင်ဒေသက Bethlehem မှာလည်း ခရစ္စမတ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ Bethlehem မြို့တော်ဝန် Vera Baboun ကတော့ - ဒီနှစ် ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အနေနဲ့ အဓိက လိုချင်တာက - တရားမျှတမှုဖြစ်ပြီး၊ တရားမျှတမှု ရှိမယ်ဆိုရင် ငြိမ်းချမ်းရေးလည်း ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ခရစ္စမတ်ကို အားလပ်ရက်အဖြစ် သတ်မှတ်ပြီး နေရာအနှံ့မှာ ခရစ္စမတ်ပွဲ ဆင်နွှဲနေကြတာပါ။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ - ခရစ္စမတ်ပွဲ ဆင်နွှဲနေကြတဲ့ နိုင်ငံတဝှမ်းက သန်းပေါင်းများစွာသော ပြည်သူတွေနဲ့အတူ သူ့မိသားစုလည်း ဆင်နွှဲနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ခရစ်တော် ဖွားမြင်မှုဟာ သာမာန် ကလေးတယောက်အဖြစ် မဟုတ်ပဲနဲ့ နေထိုင်မကောင်း ဖြစ်နေသူတွေ၊ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ အထူးသဖြင့် ကိုယ့်ကိုယ်ကို ချစ်သလို တခြားသူကို ချစ်တတ်တဲ့ စိတ် မွေးတတ်ဖို့လို ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ဖို့ သတင်းစကားပါးခဲ့သူတဦး မွေးဖွားခဲ့တဲ့ အခါသမယ အဖြစ် ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။ ပျော်စရာ ခရစ္စမတ် အခါသမယအဖြစ် ဘုရားသခင် ကောင်းချီးပေးပါစေ။ ကျန်းမာပျော်ရွှင်တဲ့ ၂၀၁၅ ခုနှစ် ဖြစ်စေဖို့လည်း ဆုတောင်းပါတယ်။”

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို အကြောင်းအမျိုးမျိုး နဲ့ ရောက်ရှိနေကြတဲ့ မြန်မာ တိုင်းရင်းသားတွေကလည်း - ခရစ္စမတ်ပွဲတော်အဖြစ် ဘုရားကျောင်းတွေမှာ ဆုတောင်းပွဲတွေကျင်းပ၊ မိသားစုတွေ၊ မိတ်ဆွေတွေ ဆုံဆည်းကြပြီး ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲနေခဲ့ကြတာပါ။

ဒီနှစ် ခရစ္စမတ်မှာတော့ ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန် အရှေ့ဘက်ခြမ်း ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရေဒါ၊ အိုဟိုင်းရိုး၊ ကော်လိုရာဒို၊ ဗာဂျီးနီးယား၊ မယ်ရီလန်း ပြည်နယ်တွေက မြန်မာတိုင်းရင်းသား ၃၀၀ နီးပါးလောက်ဟာ မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့မှာ စုဝေးကြပြီး ခရစ္စမတ်ပွဲတော်ကို ထူးထူးခြားခြား ဆင်နွှဲခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာခရစ်ယာန် ကက်သလစ်အဖွဲ့ချုပ်ကို တည်ထောင်သူ ဆရာ ဂျွန်စိုင်းလုံ ကတော့ - ခရစ်တော်မွေးဖွားခြင်းနဲ့ ငြိမ်းချမ်းရေး ဆက်စပ်မှုနဲ့ မြန်မာနိုင်ငံမှာလည်း တဦးနဲ့တဦး မေတ္တာထားပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ကို အခုလို ပြောကြားခဲ့ပါတယ်။

" သူမွေးတဲ့အချိန်မှာ သိကြားမင်းက သိုးကျောင်းသားတွေကို နှုတ်ဆက်တဲ့ စကားသံနဲ့ ပြောရမယ်ဆိုရင် ဒီကမ္ဘာတခွင်မှာ ရှိနေတဲ့ လူသားတွေ အားလုံး စိတ်ကောင်းနှလုံးကောင်း ရှိတဲ့သူတွေ အားလုံးအပေါ်မှာ ငြိမ်းချမ်းခြင်း ရှိပါစေဆိုတဲ့ မတ်ဆေ့ပဲ ဖြစ်ပါတယ်။ ဒီခရစ်စမတ်နေ့မှာ ဒါကြောင့် နှစ်ဦးနှစ်ဘက် နားလည်သဘောပေါက်ပြီးတော့မှ ကမ္ဘာတခုလုံး ငြိမ်းချမ်းသာယာဖို့အတွက် ငြိမ်းချမ်းရေး ရှိဖို့က အားလုံးက လျှော့ပေါ့ပြီးတော့မှ လက်တွေ့ကျင့်သုံးသွားစေချင်တယ်။"

အလားတူ မြန်မာတိုင်းရင်းသားတွေ အများစုနေထိုင်ရာ အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာလည်း ခရစ္စမတ်ဆုတောင်းပွဲတွေ၊ ကလေးတွေကို အပြန်အလှန် လက်ဆောင်ပေးတာတွေ၊ ခရစ္စမတ်သီချင်း သီဆိုဖျော်ဖြေမှုတွေနဲ့ ဆင်နွှဲခဲ့ကြပြီး၊ ခရစ္စမတ်ရဲ့ ငြိမ်းချမ်းရေး အနှစ်သာရနဲ့ ပတ်သက်လို့ Burmese-Christian Fellowship အသင်းတော်က သင်းထောက် ကိုအက်ဒီစင် က -

" အယောက်စီတိုင်းရဲ့ အသက်တာမှာ ခရစ်တော် ယူဆောင်လာတဲ့ ငြိမ်သက်ခြင်းနဲ့ ခရစ်တော်ရဲ့ မေတ္တာကို ရလို့ရှိရင် ကျနော်တို့ ငြိမ်းချမ်းရေးဆိုတာ ရှိတာပေါ့နော်။ အယောက်စီတိုင်းရဲ့ အသက်တာမှာ ခရစ်တော်ယူဆောင်လာတဲ့ ငြိမ်သက်ခြင်း တကယ်ပဲရလို့ရှိရင် ခရစ်တော်က ဘာပြောလဲဆိုတော့ သူက မေတ္တာဖြစ်တယ်။ အဲ့ဒီ့တော့ ကျနော်တို့ အယောက်စီတိုင်း မေတ္တာကိုယ်စီနဲ့ နှိမ့်ချခြင်းနဲ့ လုပ်မယ်ဆိုရင် ဒါလူမျိုးတမျိုးနဲ့ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ တကယ်ပဲ ခရစ်တော်ရဲ့ မေတ္တာရမယ်ဆိုရင် တကယ်ပဲ ငြိမ်းချမ်းခြင်းရမယ်ပေါ့နော်။"

တခါ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ အဆိုတော် ရတနာဦးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အခုလို ဆုတောင်းပေးခဲ့ပါတယ်။

" ကျမအနေနဲ့ ကိုယ်အမြဲတမ်း ထမင်းတလုပ်စားလိုက်တိုင်းမှာ ကမ္ဘာအရပ်ရပ်မှာ မစားရသူများစွာရှိတယ်ဆိုတာ အမြဲတမ်း သတိရတယ်။ ပြီးတော့ ကိုယ်ကျန်းကျန်းမာမာနေနေရတဲ့အချိန်မှာ သူများတွေ ဘယ်လို မလုံခြုံစွာနဲ့ ခဲယဉ်းစွာ ဆုံးရှုံးခြင်းတွေနဲ့ မိသားစုတွေမှာ စစ်ဘေးဒဏ်တွေနဲ့ ရာသီဥတု ကပ်ဆိုးဘေး အဲ့လိုမျိုး အရာတွေနဲ့ အမြဲတမ်းလည်း တွေ့နေရတဲ့အခါမှာ ကိုယ်တယောက်တည်း ပျော်ရွှင်နေတာထက် ဒီလိုလူတွေအတွက်ကို အမြဲတမ်း စိတ်ထဲမှာ ဝန်တာထားပြီးတော့ ဆုတောင်းပေးတယ်။ ပြီးတော့ အခုလာမယ့် ၂၀၁၅ ခရစ်စမတ်အထူးဆုတောင်းအနေနဲ့ကတော့ မြန်မာပြည်သာယာငြိမ်းချမ်းစေချင်တယ်။ တကယ်ပဲ ခရစ်တော်အားဖြင့် လူတွေကို လွတ်မြောက်စေချင်တယ်။

XS
SM
MD
LG