သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့က ခရစ်စမတ်ဆုတောင်းပွဲများ


စိန့်မေရီဘုရားကျောင်း ခရစ်စမတ်ဆုတောင်းပွဲ (ဒီဇင်ဘာ ၂၄၊ ၂၀၁၄)
စိန့်မေရီဘုရားကျောင်း ခရစ်စမတ်ဆုတောင်းပွဲ (ဒီဇင်ဘာ ၂၄၊ ၂၀၁၄)

ရန်ကုန်မြို့မှာ ရှိတဲ့ ခရစ်ယာန် အသင်းတော်တွေနဲ့ ဘုရားရှိခိုးကျောင်းတိုင်းမှာ ဒီကနေ့ ခရစ်စမတ် ဝတ်ပြုဆုတောင်းတာ၊ အမှတ်တရလက်ဆောင်တွေ ပေးကြတာ၊ တရားဒေသနာတော်တွေ ဟောကြားတာတွေကို စည်စည်ကားကား လုပ်ကြတယ် လို့ မြန်မာနိုင်ငံ ခရစ်ယာန် ကလျာဏယု၀ အသင်း (YMCA) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသာညာဏ် ကပြောပါတယ်။ နယ်တွေမှာလည်း ဒီကနေ့ ခရစ်စမတ်နေ့ မှာ သူတို့ရဲ့ အစီအစဉ်တွေအတိုင်း စည်စည်ကားကား ကျင်းပကြ တာကို တွေ့ရပါတယ်။ ဒီကနေ့ ခရစ်စမတ်ပွဲတော်မှာ ခရစ်ယာန်တွေ တင် မကပဲ ဗုဒ္ဓဘာသာဝင်တွေ ပါ ပါဝင် ဆင်နွှဲကြတဲ့ ခရစ်စမတ်ပွဲတော်အကြောင်း အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ဝတ်ပြုဆုတောင်း
ဝတ်ပြုဆုတောင်း

ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ နေထိုင်ကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေဟာ ခရစ္စမတ် ပွဲတော်တွေ အဖြစ် သူတို့ရဲ့ ဘုရားကျောင်းမှာ ဆုတောင်းပွဲတွေ ကျင်းပ၊ နောက် မိသားစုတွေ မိတ်ဆွေတွေ စုံစည်းကြပြီး ပျော်ပွဲရွှင်ပွဲ ပါတီပွဲတွေ ဆင်နွှဲကြတာပါ။

(ဝတ်ပြုဆုတောင်းပွဲ)

ခရစ်စမတ်ဆုတောင်းပွဲ (ဒီဇင်ဘာ ၂၀၁၄)
ခရစ်စမတ်ဆုတောင်းပွဲ (ဒီဇင်ဘာ ၂၀၁၄)

အခုကြားခဲ့ရတာကတော့ ရန်ကုန် မြို့ မဟာဗန္ဓူလလမ်း ပေါ်မှာ ရှိတဲ့ စိန့်ဖိလစ် ဘုရားရှိခိုးကျောင်းမှာ ခရစ်ယာန်ဘာသာဝင်တွေနေတဲ့ ဝတ်ပြုဆုတောင်းချိန် မှာ ဓမ္မတေး သီဆိုနေတဲ့ အသံပါ။

ရန်ကုန်ကို အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့ အခြေချ နေထိုင်ကြတဲ့ ခရစ်ယာန် ဘာသာဝင် တိုင်းရင်းသား တွေဟာ ဒီကနေ့မှာပဲ ရန်ကုန်က ဘုရားရှိခိုးကျောင်းတွေ တိုင်းမှာ အထူးတရားဒေသနာတွေ ဟောကြား မှုတွေ ပြုလုပ်ပြီးတော့ အသင်းတော်တွေ မှာ ခရစ်စမတ်ပွဲတော်ကို စည်စည်းကားကား ကျင်းပကြတယ်လို့ လုပ်ကြတယ်လို့ မြန်မာနိုင်ငံ ခရစ်ယာန်ကလျာဏယု၀ အသင်း (YMCA) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသာညာဏ် က ဗွီအိုအေ ကိုပြောပါတယ်။

" ရန်ကုန်တမြို့လုံးပေါ့။ ဘုရားကျောင်းတိုင်း မနက်၊ နေ့လည်၊ ညနေ ခရစ်တော် ဖွားမြင်တဲ့ အထိမ်းအမှတ် အနေနဲ့ မေတ္တာပို့တယ်။ ဆုတောင်းတယ်။ လူတွေအတွက်၊ မြန်မာနိုင်ငံအတွက်၊ ကမ္ဘာအတွက် ငြိမ်းချမ်းရေးရဖို့၊ ဘုရားသခင်က ကောင်းကင်ပေါ်မှာ ဘုန်းကြီးပါတယ်။ ဘုန်းကြီးစေပါ။ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း အဲ့တာကို ကျနော်တို့ လိုနေကြတာ။ ကျနော်တို့ မငြိမ်မသက်ဘူး။ ငြိမ်းချမ်းရေး မရဘူးပေါ့နော်။ မြန်မာနိုင်ငံလည်း မငြိမ်သက်ဘူး။ ငြိမ်းချမ်းရေး အခက်အခဲတွေရှိနေတယ်။ အဲ့တာကို ဦးတည်ပြီးတော့ ဆုတောင်းလျက် ရှိကြပါတယ်။"

Saint Mary's ဘုရားရှိခိုးကျောင်း ခရစ်စမတ်မီးအလှရောင်စုံ၊ ရန်ကုန်။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၄)
Saint Mary's ဘုရားရှိခိုးကျောင်း ခရစ်စမတ်မီးအလှရောင်စုံ၊ ရန်ကုန်။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၄)

ရန်ကုန်မှာဆိုရင် လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေ အတွက် ဘုရားကျောင်းတွေ၊ အသင်းတော်တွေကလည်း သူ့တိုင်းရင်းသားအလိုက် အများအပြား ရှိနေတာပါ။ ဒီနေ့ ခရစ်မတ်နေ့မှာ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ လူသားတွေ ငြိမ်းချမ်းရေးရဖို့ ဆိုတဲ့ တရားဒေသနာတော်တွေ ကို ဟောကြီးတော့ လူသားခြင်း စာနာဖို့၊ ခရစ်တော်ကြွလာချိန်မှာ ဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးဟာ ကမ္ဘာကြီး အတွက် အရေးကြီးတယ်ဆိုတာ ရည်ရွယ်ပြီးတော့ ဆုတောင်းခဲ့တာလို့ လည်း အသင်းတော်တွေက ခရစ်ယာန် ဘုန်းတော်ကြီးတွေက မိန့်ကြားပါတယ်။

ဒီနှစ် ခရစ်မတ် ကာလမှာဆိုရင်တော့ ခရစ်စမတ်နေ့ကို ခရစ်ယာန်ဘာသာဝင်တွေ ကပဲ ဆင်နွှဲတာမဟုတ်ပဲ အခြားဘာသာဝင်တွေပါ ဒီကနေ့ ခရစ်စမတ်နေ့မှာ အမှတ်တရပွဲတွေ ကျင်းပခဲ့တာကိုလည်း တွေ့ရပါတယ်။

" မှတ်မှတ်ရရ အိမ်မှာ တခုခု လုပ်စားတာတို့။ သိတယ်မဟုတ်လား။ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဲ့လိုပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် အဲ့ဒီ့နေ့ကို ဖြတ်သန်းတယ်။ အခုဆိုရင်ကို မုန့်တီနဲ့ တုတ်ထိုးနဲ့ အပျော်ပေါ့။ မှတ်မှတ်ရရလေးဖြစ်အောင်လုပ်တယ်။ အိမ်မှာဆိုရင်လည်း ခရစ်စမတ်မတိုင်ခင် တပတ်လောက်ကတည်းက ခရစ်စမတ်သစ်ပင်လေးတွေ ထားတယ်။ သူ့ရဲ့အထိမ်းအမှတ် အလှဆင်တယ်။ စင်တာရှိမယ်။ အဲ့လိုမျိုးလေးတွေပေါ့။ အိမ်မှာကအစ ဒီရာသီကို ခရစ်ယာန်မဟုတ်ပေမဲ့ အဲ့လိုမျိုး မှတ်မှတ်ရရ ပြင်ဆင်ပြီးတော့ နေတတ်တဲ့အကျင့်ရှိတယ်။"

လမ်းမတော်မှာနေထိုင်တဲ့ စာရင်းကိုင် အမျိုးသမီး တစ်ဦး က သူတို့ဒီနေ့ ခရစ်စမတ်နေ့မှာ သူတို့ မိသားစု ပါဝင်ဆင်နွှဲခဲ့တဲ့ အကြောင်းပြောပြသွားတာပါ။

ဘုရားကျောင်းမှာ ဆုတောင်းပွဲလုပ်၊ မိသားစုတွေ မိတ်ဆွေတွေ စုံပြီး ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပတာ၊ နောက် တယောက်နဲ့ တယောက် လက်ဆောင် ပစ္စည်း လဲလှယ်တာတွေကို ဒီဇင်ဘာလ ၂၄ ရက် ခရစ်စမတ် အကြိုနေ့ကလည်း ဆင်နွဲခဲ့သလို ဒီကနေ့ ၂၅ ရက်နေ့မှာလည်း ဆက်လက် ကျင်းပခဲ့တယ်လို့ ရန်ကုန်ခရစ်ယာန် ကလျာဏ ယု၀ အသင်း (YMCA) ရဲ့ အသေးစားငွေကြေး လုပ်ငန်း ဒါရိုက်တာ အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

" ကျမတို့ မအူပင်မှာရှိတဲ့ Clientတွေရယ်၊ လှိုင်သာယာမှာရှိတဲ့ Clientတွေရယ်၊ နောက် ပုလဲပေါ့။ သင်္ဃန်းကျွန်းဈေးမှာရှိတဲ့ Clientတွေရယ်။ အဲ့လိုပဲ ကျမတို့ မွေးနေ့တော်မှာ ကျမတို့ခံစားရတဲ့ ကောင်းချီးတွေကို မျှဝေတယ်။ လက်ဆောင်တွေပေးတယ်။ ကျွေးမွေးတယ်။ "

ရန်ကုန်အပါအဝင်၊ မန္တလေးလို မြို့ကြီးတွေမှာလည်း ဒီကနေ့ ခရစ်စမတ်ပွဲတော်တွေ စည်းစည်းကားကား ကျင်းပခဲ့သလို အခြားနယ်မြို့တွေမှာလည်း ခရစ်မတ် ပွဲတော်တွေ ကျင်းပခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာဆိုရင် ယေရှုခရစ်တော် ဖွားမြင်တော်မူတဲ့နေ့ပါ။ ဒီဇင်ဘာလ ၂၅ ရက်နေ့တိုင်း ခရစ်ယာန်ဘာသာ သက်ဝင်သူတွေ က ယေရှုရဲ့အမှတ်တရ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့မှာ ပွဲတော်တွေ အမြဲလိုကျင်းပတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG