သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ် ဝတ်ပြုဆုတောင်းပွဲ ကမ္ဘာတဝှမ်း ကျင်းပ


Jordan မြို့က ခရစ္စမတ် ဝတ်ပြုဆုတောင်းပွဲတခု (၂၄ ဒီဇင်ဘာ ၂၀၁၇)
Jordan မြို့က ခရစ္စမတ် ဝတ်ပြုဆုတောင်းပွဲတခု (၂၄ ဒီဇင်ဘာ ၂၀၁၇)

ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စတော်မွေးနေ့မှာ Bethlehem မြို့အပါအဝင် ကမ္ဘာတဝှမ်းမှာရှိကြတဲ့ ခရစ်ယာန်ဘာသာတွေ ဝတ်ပြုဆုတောင်းပွဲတွေ ဆင်နွှဲကြပါတယ်။ ခရစ္စမတ်ပွဲတော် ဆင်နွှဲနိုင်ဖို့အတွက် ကမ္ဘာတဝှမ်းက ခရစယာန်ဘာသာဝင်နဲ့ ဘုရားဖူးတွေဟာ ဒီဇင်ဘာလ ၂၄ ရက် မနေ့ တနင်္ဂနွေနေ့ ကတည်းက ခရစ်တော်မွေးဖွားရာ Bethlehem မြို့ Church of Nativity ဘုရားကျောင်း အပြင်ဘက်မှာ ရောက်ရှိ စုရုံးနေခဲ့ကြတာပါ။

အနောက်ဘက်ကမ်းဒေသ Bethlehem မြို့က Church of Nativity ဘုရားကျောင်းမှာ ကျင်းပပြုလုပ်တဲ့ သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲနဲ့ ခရစ္စမတ်ပွဲတော်ကိုတော့ ယာယီတာဝန်ထမ်းဆောင်နေတဲ့ ဂျေရုစလင်ရဲ့ လက်တင် ဂိုဏ်းအုပ် ဘုန်းတော်ကြီး Pierbattista Pizzaballa က ဦးဆောင်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ဂျေရုစလင်မြို့ကို အစ္စရေးတို့ရဲ့ မြို့တော်အဖြစ်သတ်မှတ်ခဲ့ပြီးနောက် မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာပဲ Bethlehem မြို့မှာ အစ္စရေးစစ်သားနဲ့ ပါလစ္စတိုင်း စစ်သားတို့ အကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဂျေရုစလင်မြို့ကို အစ္စရေးတို့ရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတ Doanld Trump က ကြေညာခဲ့တာပါ။

ကမ္ဘာတဝှမ်းမှာရှိကြတဲ့ ခရစ်ယာန်ဘာသာတွေရဲ့ သဘောထားအမြင် ကွဲပြားစေခဲ့တဲ့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ခရစ်ယာန် ဘုရားဖူးတွေကို ဧည့်လမ်းညွှန်အဖြစ် လိုက်ပါဆောင်ရွက်ပေးသွားမယ်လို့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဂျေရုစလင်မြို့ကနေပြီးတော့ ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ကုန်ပိုင်းတုန်းက ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာတော့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲတဲ့အနေနဲ့ မနေ့ညက ရန်ကုန်မြို့လယ်မှာရှိတဲ့ St. Mary ဘုရားကျောင်းနဲ့ ပတ်ဝန်းကျင်တဝိုက်မှာ ရောင်စုံမီးတွေထွန်းညှိပြီး ခရစ်တော်မွေးနေ့ကို ကြိုဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG