သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင်စာရင်း ပညာရေးလှုပ်ရှားသူများ ပါဝင်


ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်မယ့်အစီအစဉ်။
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်မယ့်အစီအစဉ်။

၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်တွေရဲ့အမည်စာရင်းကို ဇွန်လ ၇ ရက် တနင်္ဂနွေနေ့ အမေရိကန် ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့မှာ ကျင်းပမယ့်အခမ်းအနားမှာ ကြေညာသွားမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် စကာတင် အရွေးချယ်ခံထားရတဲ့အထဲမှာ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲတဲ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂ဝ၁ဝ ခုနှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်ပြီး ဒီနှစ်ပါနဲ့ဆို ၆ ကြိမ်မြောက် ချီးမြှင့်မယ့်ဆုလည်းဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်(၁) ဦးနဲ့ အထူးဆုရှင် (၂) ဦးတို့ကိုရွေးချယ်ထားပြီးလည်း ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် ယူတီကာမြို့ MOHAWK VALLEY COMMUNITY COLLEGE မှာကျင်းပမယ့် ဇွန်လ ၇ ရက်နေ့အခမ်းအနားမှာ ဆုရှင်အမည်စာရင်းကို ကြေညာမှာဖြစ်ပါတယ်။ ဆုရွေးချယ်ပုံနဲ့ပတ်သက်လို့ ယူတီကာမြို့က ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထွန်းထွန်းက ရှင်းပြပါတယ်။

“ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အထိကို ကျနော်တို့က ဌာနခွဲအသီးသီးပေါ့နော်၊ တင်လာတဲ့ဟာတွေကို nominate လုပ်လာတဲ့ဟာတွေကို ကျနော်တို့က အွန်လိုင်း ရွေးချယ်စနစ်နဲ့လုပ်တယ်။ စတုတ္ထနှစ်ကနေစပြီးတော့ အဲလိုမလုပ်တော့ဘဲနဲ့ ဌာနခွဲအသီးသီးမှာရှိတဲ့ကိုယ်စားလှယ်တွေကနေပဲ ထင်သာမြင်သာတဲ့စနစ်နဲ့ ကျနော်တို့ရွေးချယ်ပါတယ်။ ဒီနှစ်မှာလည်း ဒီအတိုင်းပဲ ရွေးချယ်ပေးတာဖြစ်တယ်။”

ပြည်သူ့ဂုဏ်ရည်ဆုအဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာရောက်နေကြတဲ့ အခြား မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေကို နှစ်စဉ်ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ ။ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကြေညာမယ့် အခမ်အနားအကြောင်း မေးမြန်းတဲ့အခါ ကိုထွန်းထွန်းက ခုလိုဖြေကြားပါတယ်။

“အစီအစဉ်တွေကိုကတော့ ၁၁ နာရီမှာ life စပြီးတော့ပေးမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဌာနခွဲအသီးသီးတွေက အကုန်လုံး အဲဒီမှာဆိုတော့ …ပြီးတော့ တနာရီမှာ အခမ်းအနားကို စပြီးတော့ ကျင်းပမယ်ဗျာ။ တနာရီကနေ ငါးနာရီအထိ ကျင်းပမှာဖြစ်တယ်။”

မေး။ ။ အဲဒီတော့ ဆုရှင် ဘယ်နှစ်ဦးရွေးမလဲ၊ ဘယ်လို ဆုရှင်တွေ ရွေးမှာပါလဲ။

ဖြေ။ ။ ကျနော်တို့ ဒီ ၂၀၁၀ စတည်တဲ့နှစ်မှာကတည်းက ပြည်သူ့ဂုဏ်ရည်ဆု အပါအဝင် အထူးဆုကို စပြီး ရွေးချယ်ပေးပါတယ်။ အထူးဆုကို နှစ်ဆု ကျနော်တို့ ရွေးချယ်ထားပါတယ်။ အားလုံးသုံးဆုပေါ့နော်၊ အဲဒါကို ကျနော်တို့ စီစဉ်ထားပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဆုရတဲ့သူတွေကို ဘယ်လိုမျိုးဆုတွေ ပေးမှာပါလဲ။

ဖြေ။ ။ နှစ်စဉ် ကျနော်တို့က ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေကို ငွေသားအားဖြင့်တော့ ဒေါ်လာ ၁ သောင်း ကျနော်တို့က ဆုချီးမြှင့်ပါတယ်။ ဒါနဲ့အတူ ကျနော်တို့က ပြည်သူ့ဂုဏ်ရည်ရဲ့အမှတ်တံဆိပ်ဆုပါ ချီးမြှင့်တာပေါ့နော်။ အထူးဆုတွေကိုတော့ ကျနော်တို့က ဒေါ်လာ ၁,၀၀၀ စီ ဆုချီးမြှင့်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဒီနှစ်မှာ အမည်စာရင်းတင်သွင်းခံရတဲ့သူတွေ ဘယ်သူတွေ တစ်ပြေးနေတာ ရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ရွေးချယ်ရေးစနစ်အရ ကျနော်တို့က ပြည်တွင်းထဲက nominate လုပ်လာတာတွေရော၊ ဌာနခွဲအသီးသီးကနေပြီးတော့ တင်ထားတာတွေကို အကုန်လုံး မဲစနစ်နဲ့ဆုံးဖြတ်ပြီးတော့မှ ဆန်ခါတင်အနေနဲ့ ဒီနှစ် ကျနော်တို့က သုံးဦးကို တင်ထားပါတယ်။ သုံးဦးကတော့ - ၂ ဖွဲ့နဲ့ ၁ ဦး ပေါ့ဗျာ၊ ပြောရရင်တော့ NNER ပါတယ်ဗျ။ ဒေါက်တာသိန်းလွင်တို့ဦးဆောင်တဲ့အဖွဲ့ပေါ့၊ နောက်တခါ ဗကသပင်မစစ်ကြောင်းရယ်၊ ပုဂ္ဂိုလ်အားဖြင့်ဆိုရင်တော့ မဖြိုးဖြိုးအောင်ပေါ့နော်၊ အဲဒီသုံးဦးကို ကျနော်တို့က ဆန်ခါတင် ရွေးချယ်ထားပါတယ်။

ဒီ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်တဲ့ မဖြိုးဖြိုးအောင် ရရှိလိမ့်မယ်လို့ ခန့်မှန်းသူတွေက ပိုများ ပါတယ်။ ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်း စတင်တည်ထောင်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူကို ချီးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ထောင်ဝင်စာတွေ့မယ့်သူမရှိတဲ့ အကျဉ်းသားတွေအတွက် ထောင်ဝင်စာကူညီ တွေ့ပေး ခဲ့တဲ့ NLD ပါတီအဖွဲ့ဝင် ဒေါ်ရှု၊ လူငယ်ဖွံ့ဖြိုးရေးနဲ့ ပရဟိတတွေ လုပ်နေတဲ့ Kachinland သတင်းဌာနက လဖိုင်နော်မိန်းနဲ့ NLD ပါတီ ပညာရေးကွန်ယက်တို့ကို တနှစ်စီ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG