သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆု မန္တလေး စည်ပင်သာယာကော်မတီ ဆွတ်ခူး


၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုရှင်
၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုရှင်

၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ချီးမြှင့် ဂုဏ်ပြုလိုက်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

အလားတူ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် (အထူးဆု) ၄ ဆုကိုတော့ ကချင်ဒုက္ခသည်အရေး ဆောင်ရွက်တဲ့ မဆွတ်ဆိုင်းထွယ်၊ ရိုက်တာသတင်းထောက် ၂ဦးအမှုအတွက် ထောင်ချခံရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ၊ ညောင်ဦးက စေတနာ့ဝန်ထမ်း ဆရာမ ဒေါ်အိအိညိမ်း ၊ Clean Yangon Campaign အဖွဲ့တို့ ရရှိသွားပါတယ်။

ဒါဟာ ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုဖြစ်ပြီး ဆုကြေညာပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ ဧပြီလ(၆)ရက် စနေနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီကနေ ၇ နာရီအတွင်း ကျင်းပခဲ့ကြတာပါ။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အမေရိကန်ဒေါ်လ တစ်သောင်း ချီးမြှင့်ပြီး၊ အထူးဆုတွေကိုတော့ ဒေါ်လာ တစ်ထောင်စီ ချီးမြှင့်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်နဲ့ အထူးဆုရှင်တွေအတွက် ဂုဏ်ပြုဆုငွေနဲ့ ဆုတံဆိပ်တွေကို ဧပြီလ ၂၈ ရက်နေ့ကျရင် မြန်မာနိုင်ငံ မန္တလေးမြို့ Mandalay Convention Center မှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် အမည်စာရင်းထဲက ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အခြေခံမူနဲ့ စိစစ်ပြီး ဆုရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပြုခံရတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းတာ၊ ပဏာမ ရွေးချယ်တာ၊ ဆန်ခါတင်အဆင့် ရွေးချယ်ပြီးမှ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်ခြင်း နောက်ဆုံး အဆင့်ကို ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာမှ အပြန်အလှန် ညှိနှိုင်းတိုင်ပင်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ရန်ကုန်မြို့က မူဆလင်ကုသိုလ်ဖြစ်ဆေးရုံကို ချီးမြှင့်ခဲ့ပြီး ၊ ၈ ကြိမ်မြောက်တုန်းကတော့ မန္တလေးမြို့က ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်းကို ချီးမြှင့်ခဲ့တာပါ။

ပြည်သူ့ဂုဏ်ရည် ပထမအကြိမ်ဆုကို ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူရရှိခဲ့ပြီး၊ အဲဒီနောက်မှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ပင်းတယမြို့က ဖန်မီးအိမ်ရှင် ဆေးရုံအုပ်ကြီး၊ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်တို့လည်း ရရှိခဲ့ကြပါတယ်။

XS
SM
MD
LG